Syncope (ခေတ္တခဏ သတိလစ်ခြင်း)

Syncope (ခေတ္တခဏ သတိလစ်ခြင်း)

ခေတ္တခဏ သတိလစ်ခြင်း (Syncope) ဆိုသည်မှာ ဦးနှောက်သို့သွားသော သွေးစီးဆင်းမှု နည်းသွားသောကြောင့် ရုတ်တရက် ကိုယ်ဟန်အနေအထား ပျက်ယွင်းပြီး ခေတ္တခဏမျှ သတိလစ်သွားခြင်းဖြစ်သည်။ သတိလစ်သွားပြီးနောက် စက္ကန့်အနည်းငယ် (သို့မဟုတ်) မိနစ်ပိုင်းအတွင်း ပြန်လည်သတိရလာသည်။ အများစုမှာ စိုးရိမ်စရာ မရှိသော်လည်း အချို့မှာ ပြင်းထန်သော အခြေခံအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နေနိုင်သည်။ တစ်ခါတစ်ရံတွင် လဲကျခြင်းကြောင့် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများတွင် စိုးရိမ်စရာမရှိသော အနေအထားမှ အသက်အန္တရာယ်ရှိသော အနေအထားထိ အမျိုးမျိုးဖြစ်နိုင်သည်။

  1. အဖြစ်အများဆုံးနှင့် အန္တရာယ်မရှိသော ခေတ္တခဏ သတိလစ်ခြင်း (Reflex syncope)
    • Vasovagal syncope (or) neurocardiogenic syncope
      သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် ခန္ဓာကိုယ်ရှိ အချို့အစိတ်အပိုင်းများတွင် သွေးပမာဏ ရုတ်တရက်ပြောင်းလဲသောကြောင့် ဦးနှောက်သို့သွားသော သွေးစီးဆင်းမှုနည်းပြီး ခေတ္တခဏသတိလစ်ခြင်း ဖြစ်ပေါ်လာသည်။ အောက်ဖော်ပြပါ အခြေအနေတစ်ခုခုတွင် သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းများ ရုတ်တရက် ကျဆင်းသောကြောင့် အာရုံကြောစနစ်မှ တုံ့ပြန်သည့်အနေဖြင့် ခေတ္တခဏသတိလစ်ခြင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
      • အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်း
      • အပူဒဏ် ပြင်းထန်စွာခံစားရခြင်း
      • သွေး မြင်တွေ့ခြင်း
      • ကြောက်လန့်ခြင်း
      • နာကျင်ခြင်း
      • ရုတ်တရက် မမျှော်လင့်ထားသော ထိခိုက်ဒဏ်ရာရခြင်း အစရှိသည့် အခြေအနေများတွင် သတိလစ်ခြင်း ဖြစ်ပေါ်တတ်သည်။
    • Situational syncope (အထက်တွင် ဖော်ပြထားသော vasovagal syncope အမျိုးအစား တစ်မျိုးဖြစ်သည်)
      • ချောင်းဆိုးနှာချေခြင်း
      • လေ့ကျင့်ခန်းပြုလုပ်ခြင်း
      • ဆီးသွားခြင်း (အမျိုးသားများတွင် မတ်တတ်ရပ် ဆီးသွားပြီးနောက် ဖြစ်တတ်သည်)
      • ဝမ်းသွားစဥ် ညှစ်ခြင်း အစရှိသောအခြေအနေတစ်ခုခုတွင် သတိလစ်သွားနိုင်သည်။
    • Carotid sinus syncope
      လည်ပင်းကို ဖိမိသောအခြေအနေ (ဥပမာ – ကော်လာအကြပ်ဝတ်ခြင်း၊ လည်ပင်းလှုပ်ရှားမှု) တို့ကြောင့် လည်ပင်းရှိ သွေးလွှတ်ကြောကို ဖိမိပြီး ဦးနှောက်သို့သွားသော သွေးစီးဆင်းမှု နည်းသွားသဖြင့် အာရုံကြောတုံ့ပြန်မှုအနေဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အသက်ကြီးသူများတွင် ဖြစ်လေ့ရှိသည်။
  2. ကိုယ်ဟန်အနေအထားကြောင့် ဖြစ်ပေါ်သော ခေတ္တခဏ သတိလစ်ခြင်း (postural syncope)
    လျင်မြန်သော ကိုယ်ဟန်အနေအထား ပြောင်းလဲမှု (လဲလျောင်းနေရာမှ မတ်တတ်ထရပ်ခြင်း)ကြောင့် သွေးပေါင်ချိန် ရုတ်တရက် ကျသောအခါ ဖြစ်ပေါ်လာသည်။ ကိုယ်ဟန်အနေအထားပြောင်းလဲမှုကြောင့် သွေးပေါင်ကျခြင်း (postural hypotension)ဆိုသည်မှာ မတ်တတ်ရပ်သောအခါ အပေါ်သွေး အနည်းဆုံး 20 mmHgနှင့် အောက်သွေး အနည်းဆုံး 10 mmHg ကျခြင်းဖြစ်သည်။ အချို့သော ဆေးများနှင့် ရေဓာတ်ခန်းခြောက်ခြင်းကြောင့်လည်း ဖြစ်ပေါ်တတ်သည်။
  3. နှလုံးကြောင့်ဖြစ်သော ခေတ္တခဏ သတိလစ်ခြင်း (cardiac syncope)
    ဦးနှောက်သို့သွားသည့် သွေးစီးဆင်းမှုကို ထိခိုက်စေနိုင်သည့် အောက်ဖော်ပြပါ နှလုံးနှင့် သွေးကြောရောဂါများတွင် ဖြစ်ပေါ်လာနိုင်သည်။
    • နှလုံးခုန် စည်းချက် မမှန်ခြင်း (arrhythmia)
    • နှလုံးကြွက်သားများ ထူလာခြင်းကြောင့် နှလုံးတွင်း သွေးစီးဆင်းမှု ပိတ်ဆို့ခြင်း (hypertrophic obstructive cardiomyopathy – HOCM)
    • နှလုံးသွေးကြော ကျဥ်းခြင်း သို့မဟုတ် ပိတ်ခြင်း (myocardial ischemia or infarct)
    • နှလုံးအဆို့ရှင် ကျဥ်းခြင်း (aortic stenosis)
    • နှလုံး လုပ်ငန်းပျက်စီးခြင်း (heart failure)
    • နှလုံးသွေးကြောမကြီး ပေါက်ပြဲခြင်း (aortic dissection)
  4. ဦးနှောက်အာရုံကြောကြောင့် ဖြစ်သော ခေတ္တခဏသတိလစ်ခြင်း (Neurologic Syncope)
    အောက်ဖော်ပြပါ ဦးနှောက်အာရုံကြော အခြေအနေများတွင် ဖြစ်ပေါ်နိုင်သည်။
    • တက်ခြင်း (seizure)
    • လေဖြတ်ခြင်း (stroke)
    • အသေးစားလေဖြတ်ခြင်း (transient ischemic attack)
  5. အနေအထားပြောင်းလဲမှုကြောင့် နှလုံးခုန်အလွန်မြန်ပြီး ဖြစ်သော ခေတ္တခဏ သတိလစ်ခြင်း (postural orthostatic tachycardia syndrome)
    ထိုင်ပြီး သို့မဟုတ် လဲလျောင်းပြီးနောက် မတ်တတ်ရပ်သောအခါ နှလုံးခုန်အလွန်မြန်ခြင်း (တစ်မိနစ်လျှင် ပုံမှန်ထက် နှလုံးခုန်နှုန်း (၃၀) ကျော် မြန်လာခြင်း)ကြောင့် ဖြစ်ပေါ်လာသည်။ အမျိုးသမီးများတွင် အတွေ့များသည်။

ယှဉ်တွဲလာတတ်သောလက္ခဏာများ

အဓိကလက္ခဏာမှာ သတိလစ်ခြင်းဖြစ်သည်။ သတိမလစ်မီ ခံစားရသော လက္ခဏာများမှာ

  • ခေါင်းမူးခြင်း
  • ခြေဖျား၊ လက်ဖျား အေးခြင်း
  • ချွေးထွက်ခြင်း
  • အကြောင်းရင်းမရှိ လဲကျခြင်း
  • ရင်တုန်ခြင်း
  • ပျို့ခြင်း
  • ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
  • အမြင်အာရုံ ဝါးခြင်း ၊အစက်အပျောက်များ မြင်ခြင်း
  • အကြောင်းပြချက်မရှိဘဲ သန်းခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်း ပြသခြင်း

ခေတ္တခဏ သတိလစ်ခြင်းအများစုမှာ စိုးရိမ်စရာ မရှိသော်လည်း တစ်ခါတစ်ရံ အသက်အန္တရာယ် ရှိနိုင်သည်အထိ ပြင်းထန်သော အကြောင်းရင်းများ ဖြစ်နိုင်သောကြောင့် အထက်ဖော်ပြပါလက္ခဏာများ ဖြစ်ပေါ်ခဲ့လျှင် မိမိ၏ မိသားစုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်လျှင် စစ်ဆေးမှုများ ပြုလုပ်၍ ရောဂါရှာဖွေပြီး ကုသမှုခံယူရန် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် ရောဂါရာဇဝင် သေချာစွာမေးမြန်းခြင်း၊ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း အပါအဝင် အထွေထွေစမ်းသပ်ခြင်းများကို ပထမဦးစွာ ပြုလုပ်ရသည်။ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း တိုင်းရာတွင် ထိုင်ပြီးတိုင်းခြင်း၊ အိပ်ပြီးတိုင်းခြင်း၊ မတ်တတ်ရပ်ပြီးတိုင်းခြင်း အစရှိသည့် အနေအထားအမျိုးမျိုးတွင် တိုင်းရန် လိုအပ်သည်။ ထို့အပြင် တိကျသောအကြောင်းရင်းကို သိရှိရန် လိုအပ်လျှင် အောက်ဖော်ပြပါ စမ်းသပ် စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရမည်။

  • သွေးစစ်ဆေးခြင်း
  • အီစီဂျီ ဆွဲခြင်း (ECG)
  • အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (echocardiogram)
  • စက်ပေါ်တွင် လေ့ကျင့်ခန်းလုပ်နေစဥ် အီးစီဂျီစက်ဖြင့် စစ်ဆေးခြင်း (Exercise stress test)
  • ပုံမှန်မဟုတ်သော နှလုံးစည်းချက်များကို ရှာဖွေစစ်ဆေးခြင်း (Electrophysiology study – EP study)
  • သယ်ဆောင်၍ရသော အီးစီဂျီစက်ကို ခန္ဓာကိုယ်တွင်တပ်ပြီး (၁)ရက်မှ (၇)ရက်အတွင်း နှလုံးခုန်စည်းချက်ကို မှတ်တမ်းယူ၍ စစ်ဆေးခြင်း (Holter monitor)
  • လှဲအိပ်နေရာမှ မတ်တတ်ရပ်သည့် အနေအထားသို့ ပြောင်းသည့်အချိန်တွင် ဖြစ်ပေါ်လာသော အခြေအနေများကို မှတ်ယူစစ်ဆေးခြင်း (Tilt table test – head up tilt test)
Syncope image

ပုံတွင်‌ ဖော်ပြထားသည့်အတိုင်း လူနာကို ပက်လက်အိပ်ခိုင်းပြီး သွေးပေါင်ချိန်စက်နှင့် နှလုံး အီးစီဂျီစက်တို့ကို တပ်ထားပြီး လှဲအိပ်နေရာမှ မတ်တတ်အနေအထားရောက်သည်အထိ အနေအထားအမျိုးမျိုးတွင် သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် နှလုံးစည်းချက်တို့ကို အချိန်နှင့်အမျှ တိုင်းတာမှတ်သားပြီး စစ်ဆေးခြင်းဖြစ်သည်။

  • ဦးနှောက်အာရုံကြောဆိုင်ရာ အခြေအနေများအတွက် လိုအပ်လျှင် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းနှင့် အီးအီးဂျီဆွဲခြင်း
ကုသခြင်း

ခေတ္တခဏ သတိလစ်ခြင်းကို ကုသရာတွင် ဖြစ်ပေါ်စေသော အကြောင်းရင်းပေါ် မူတည်၍ ကုသသည်။ ကုသခြင်း၏ ရည်ရွယ်ချက်မှာ နောက်တစ်ကြိမ် သတိလစ်ခြင်း ထပ်မဖြစ်စေရန် ဖြစ်သည်။

  • ဆေးဝါးဖြင့် ကုသခြင်း (Midodrine, Fludrocortisone)
  • အစာကို တစ်ခါတည်း အများကြီးမစားဘဲ နည်းနည်းနှင့် မကြာခဏစားပါ၊ အငန်ဓာတ်ကို ပိုစားပါ
  • ‌ရေများများ သောက်ပါ
  • ကော်ဖီနှင့် အရက်သောက်ခြင်းကို ‌ရှောင်ကြဥ်ပါ
  • မတ်တတ်ရပ်လျှင် သတိထားပြီးရပ်ပါ
  • အိပ်လျှင် ဦးခေါင်းကို မြှင့်ထားပါ
  • ပြီးခဲ့သည့် သတိလစ်ခြင်းကို ဖြစ်စေခဲ့သောအခြေအနေများကို ရှောင်ကြဥ်ပါ (ဥပမာ – မတ်တတ်ကြာကြာရပ်ခြင်း၊ နေပူဒဏ်ပြင်းထန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း)

ခေတ္တခဏ သတိလစ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများကို ကုသမှု ခံယူရန် လိုသည်။ နှလုံးရောဂါကြောင့် ဖြစ်လျှင် နှလုံးအထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ကုသမှုခံယူပါ။ နှလုံးခုန် မြန်ခြင်း၊ နှေးခြင်းအတွက် လိုအပ်လျှင် စက် [pacemaker and implantable cardioverter defibrillator (ICD)]တပ်၍ ကုသခြင်း ခံယူပါ။ ဦးနှောက်အာရုံကြောရောဂါရှိလျှင်လည်း ထိရောက်သောကုသမှုကို ခံယူပါ။

ကာကွယ်ခြင်း

ခေတ္တခဏ သတိလစ်ခြင်း ဖြစ်နိုင်ခြေကို လျော့ချရန် ပြီးခဲ့သည့်သတိလစ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများကို မှတ်သားထားပြီး ရှောင်ကြဥ်ခြင်း၊ ‌ရေဓာတ်ပြည့်ဝအောင် နေခြင်းနှင့် သက်ဆိုင်ရာ ရောဂါများအတွက် ထိ‌ရောက်သောကုသမှု ခံယူခြင်းဖြင့် နောက်ထပ်မဖြစ်စေရန် ကာကွယ်နိုင်သည်။

Share

Category

Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.