Squint (မျက်စိစွေခြင်း)

Squint (မျက်စိစွေခြင်း)

မျက်စိစွေခြင်းသည် ကလေးများတွင် အတွေ့ရများသည်။ မျက်စိ လှုပ်ရှားမှုများကို ထိန်းချုပ်သော ကြွက်သား (၆)ခု၏ လုပ်ဆောင်မှုပုံမမှန်ခြင်းကြောင့် မျက်လုံးအိမ်အနေအထား မညီညာခြင်း၊ တစ်နေရာသို့ ကြည့်ချိန်တွင် မျက်စိနှစ်လုံး၏ လားရာမတူဘဲ စောင်းနေခြင်းများကို တွေ့ရသည်။

မျက်စိစွေခြင်းသည် မျက်စိတစ်ဖက် (သို့မဟုတ်) နှစ်ဖက်လုံးတွင် ဖြစ်နိုင်သည်။ အမျိုးအစားများအနေဖြင့် အတွင်းသို့စွေခြင်း (esotropia)၊ အပြင်သို့စွေခြင်း (exotropia)၊ အပေါ်သို့စွေခြင်း (hypertropia)၊ အောက်သို့စွေခြင်း (hypotropia) ဟူ၍ရှိသည်။ မျက်စိစွေခြင်းသည် အမြဲဖြစ်နေနိုင်သကဲ့သို့ ပေါ်လိုက် ပျောက်လိုက်လည်း ဖြစ်နိုင်သည်။

Squint IMG1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကလေးများတွင် မျက်စိစွေခြင်းသည် မျက်လုံး၏ လှုပ်ရှားမှုများကို ထိန်းချုပ်သော ကြွက်သားများနှင့် ထိုကြွက်သားများကို ထိန်းချုပ်သော ဦးနှောက်အာရုံကြောရောဂါများကြောင့် အဖြစ်များသည်။

အနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်း စသည့် မျက်စိပြဿနာများရှိလျှင်လည်း မျက်စိစွေနိုင်သကဲ့သို့ မိသားစုတွင် မျက်စိစွေသူရှိလျှင် ဖြစ်နိုင်ခြေပိုများသည်။

လမစေ့ဘဲမွေးဖွားသော ကလေးများ၊ ဒေါင်းဆင်ဒရုန်း (Down Syndrome)ကလေးများတွင် မျက်စိစွေ ခြင်း ပိုမိုတွေ့ရသည့်အပြင် ကလေးများ၏ဦးနှောက်အတွင်း အရည်များစုလာခြင်း(hydrocephalus)နှင့် အခြား အာရုံကြောပြဿနာများရှိခြင်းကြောင့်လည်း ဖြစ်စေနိုင်သည်။ လတ်တလောမျက်စိစွေသောကလေးများသည် ဦးနှောက်အကျိတ်ရောဂါနှင့် ဦးနှောက်သွေးကြောပိတ်ခြင်းတို့ကြောင့်လည်းဖြစ်တတ်သည်။

ယှဉ်တွဲလာတတ်သောလက္ခဏာများ

ကလေးများတွင် မွေးကင်းစအရွယ်မှ အသက်(၃) လဝန်းကျင်အထိ မျက်စိစွေခြင်းကို ပုံမှန်လက္ခဏာ အနေဖြင့်တွေ့ရသည်။ အရာဝတ္ထုနှင့် လူများကို သေချာ စိုက်ကြည့်နိုင်ခြင်းမရှိသေးသောကြောင့် ဖြစ်သည်။ အသက် (၃) လ နောက်ပိုင်းတွင်မူ ကလေး၏ မျက်လုံးအကြည့်သည် ပုံမှန်အတိုင်း တည့်လာပြီး သေးငယ်သော အရာဝတ္ထုများကို အာရုံစိုက်လာနိုင်သည်။ ထိုအချိန်တွင် မျက်စိစွေခြင်း ပျောက်သွားတတ်သည်။ အသက် (၃)လ ကျော်ပြီးနောက်ပိုင်း ကလေးတွင် မျက်စိစွေခြင်း ဆက်တိုက်ရှိနေပါက ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်သည်။ မျက်စိစွေခြင်းသည် ပုံမှန်အားဖြင့် ကလေးအသက် (၃) နှစ်ဝန်းကျင်တွင် အတွေ့ရအများဆုံးဖြစ်သည်။

မျက်စိစွေသော ကလေးများတွင် ရှိတတ်သော လက္ခဏာများမှာ –

  • ပုံရိပ်နှစ်ထပ်မြင်ရခြင်း
  • တစ်စုံတစ်ခုကိုကြည့်ရာတွင် မျက်စိကိုကာ၍ကြည့်ခြင်း
  • ခေါင်းစောင်း၍ကြည့်ခြင်း
  • မျက်တောင်မကြာခဏ ခတ်ခြင်း၊ မျက်မှောင်ကျုံ့၍ ကြည့်ခြင်း
  • မျက်စိညောင်းခြင်း
  • ခေါင်းကိုက်ခြင်း
  • စာဖတ်ရခက်ခြင်း စသည်တို့ဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ

စောစီးစွာကုသမှုမရရှိပါက စွေသည့်မျက်လုံးသည် မျက်စိအာရုံကြောသေရောဂါ (Amblyopia) ရသည်အထိ ပြင်းထန်တတ်သည်။ မျက်စိနှစ်ဖက်သည် ကြည့်သည့် လားရာမတူညီဘဲ ထိန်းညှိမှုမကိုက်ညီပါက ဦးနှောက်သည် တူညီသောပုံရိပ်ကို ပုံစံနှစ်မျိုးဖြင့် တွေ့ရသည်။ အစပိုင်းတွင် ပုံရိပ်နှစ်ထပ်မြင်ခြင်းနှင့် ရှုပ်ထွေးမှုများကို သိရှိလက်ခံသော်လည်း အချိန်ကြာလာပါက ဦး‌နှောက်သည် စွေနေသောမျက်လုံးဘက်မှ ပုံရိပ်များကို တုံ့ပြန်ခြင်းမရှိတော့ချေ။ ထို့ကြောင့် စွေနေသောမျက်လုံးသည် တဖြည်းဖြည်း အမြင်အားနည်းလာပြီး နောက်ဆုံးတွင် ရာသက်ပန် အမြင်အာရုံဆုံးရှုံးခြင်းကို ဖြစ်စေနိုင်သည်။ ထိုအခြေအနေကို မျက်စိအာရုံကြောသေရောဂါဟု ခေါ်သည်။

မျက်စိစွေစေသည့် ရောဂါအခံကိုစောစီးစွာမသိရှိ၊ မကုသမိသောကြောင့်လည်း ထိုရောဂါ (ဥပမာ_ ဦးနှောက်ကင်ဆာ) ၏ နောက်ဆက်တွဲပြဿနာများလည်း ဆက်လက်ပေါ်ပေါက်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

မိမိ ကလေးမျက်စိစွေသည်ကို သတိပြုမိပါက သို့မဟုတ် သံသယ ရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် စောစီးစွာပြသတိုင်ပင်ရန်လိုသည်။ အထူးသဖြင့် အသက် သုံးလကျော်ပြီးနောက်ပိုင်း ကလေးတွင် မျက်စိစွေခြင်း ဆက်တိုက်ရှိနေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ မျက်စိအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ကုသခြင်း

မျက်စိစွေခြင်းကိုကုသရာတွင် နည်းလမ်းများစွာရှိသည်။ စောစီးစွာသိ၍ ကုသမှုခံယူပါက မျက်စိစွေခြင်းကို အလွယ်တကူပြုပြင်နိုင်သည်။ ကုသနိုင်သောနည်းလမ်းများမှာ

  • မျက်မှန်တပ်ခြင်း – ကလေး၏မျက်စိစွေခြင်းသည် အနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်း ကဲ့သို့ ပြဿနာများ ကြောင့်ဖြစ်လျှင် မျက်မှန်တပ်ခြင်းဖြင့် သက်သာစေနိုင်သည်
  • မျက်လုံးကြွက်သားများအား လေ့ကျင့်ခန်းလုပ်ပေးခြင်း – ကြွက်သားများ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် မျက်လုံးနှစ်ဖက်လုံး၏ ပူးပေါင်းလုပ်ဆောင်မှုကို ပိုကောင်းစေသည်။ ဦးနှောက်နှင့် စွေနေသောမျက်လုံး တို့အကြား ဆက်သွယ်မှုများ ပိုမိုတိုးတက်လာနိုင်သည်။
  • ခွဲစိတ်ကုသခြင်း – မျက်လုံးလှုပ်ရှားမှုထိန်းချုပ်သောကြွက်သားများအား ပြုပြင်ခြင်းဖြစ်သည်။ မျက်မှန် တပ်ခြင်းဖြင့် မသက်သာပါက ခွဲစိတ်ပြုပြင်နိုင်သည်
  • မျက်လုံးကြွက်သားများအတွင်းသို့ဆေးထိုးခြင်း
  • မျက်လုံးအကာ အသုံးပြုခြင်း – မျက်စိအာရုံကြောသေရောဂါကို ကာကွယ်ရန်နှင့် ကုသရန်အတွက် ဖြစ် သည်။ မျက်လုံးအကာသုံးရာတွင် က‌လေး၏အသက်၊ ရောဂါအခြေအနေနှင့် ရောဂါဖြစ်သည့်အချိန် ကာလပေါ်မူတည်၍ တစ်နေ့လျှင် (၂) နာရီမှ (၆)နာရီအထိ ကောင်းသောမျက်လုံးတွင် မျက်လုံးအကာ သုံးရန်လိုအပ်သည်။ သို့မှသာ ဦးနှောက်သည် စွေနေသော၊ အားနည်းသော မျက်လုံးဘက်မှ ပုံရိပ်များကို စတင် လက်ခံသိရှိလာမည် ဖြစ်ပြီး၊ ထိုမှတစ်ဆင့် မျက်လုံး ကြွက်သားများနှင့် အမြင်အာရုံတို့ တဖြည်းဖြည်း တိုးတက်လာနိုင်မည်ဖြစ်သည်။

    Squit-p2
ကာကွယ်ခြင်း

မျက်စိစွေခြင်းသည် မွေးရာပါရောဂါအချို့ကြောင့်လည်း ဖြစ်နိုင်သည့်အတွက် ကြိုတင်ကာကွယ်၍မရပါ။ သို့ရာတွင် မျက်စိစွေခြင်း လက္ခဏာများကိုစောစီးစွာသတိထားမိပါက ဆရာဝန်နှင့် ပြသ၍ ကုသမှုခံယူ ခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်သည်။ ကလေးများတွင် မျက်စိစစ်ဆေးခြင်းကို အသက် (၆) လမတိုင်မီတွင် စတင်ပြုလုပ်သင့်ပြီး ပုံမှန်အားဖြင့် တစ်နှစ်တစ်ကြိမ်စစ်ဆေးသင့်သည် သို့မဟုတ်
အသက်(၂-၃) နှစ်တွင် တစ်ကြိမ်၊ ကျောင်းစမတက်မီတွင် တစ်ကြိမ် စစ်ဆေးမှုပြုလုပ်သင့်သည်။

References:

  1. Strabismus (crossed eyes). (n.d.). AOA. Retrieved June 21, 2024, from https://www.aoa.org/healthy-eyes/eye-and-vision-conditions/strabismus?sso=y
  2. Felman, A. (2024). What’s to know about squint, or strabismus? Retrieved June 21, 2024, from https://www.medicalnewstoday.com/articles/220429#diagnosis-and-treatment
  3. Website, N. (2023). Squint. nhs.uk. Retrieved June 21, 2024, from https://www.nhs.uk/conditions/squint/
  4. Strabismus (Eye Misalignment). (2024). Cleveland Clinic. Retrieved June 21, 2024, from https://my.clevelandclinic.org/health/diseases/strabismus-eye-misalignment
  5. Painter, K. (2024). Strabismus (Crossed Eyes). WebMD. Retrieved June 21, 2024, from https://www.webmd.com/eye-health/strabismus

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.