Drooling (သွားရည်ကျသောကလေးများ)

Drooling (သွားရည်ကျသောကလေးများ)

ကလေးများတွင် တံတွေးအထွက်များ၍ သွားရည်ကျခြင်းသည် ပုံမှန်အားဖြင့် အသက်တစ်နှစ်မှ တစ်နှစ်ခွဲကြားအရွယ်များတွင် အဖြစ်များသည်။ အသက်လေးနှစ်တိုင်အောင် ပုံမှန်ကလေးတစ်ဦးတွင် သွားရည်ကျနိုင်သည်။ သို့သော် အသက်လေးနှစ်ကျော်သည်အထိ သွားရည်ကျနေပါက နောက်ခံရောဂါ အခြေအနေတစ်ခုခု ရှိနေနိုင်သည်။ သို့ဖြစ်၍ ထိုအကြောင်းရင်းများကို ရှာဖွေကုသရန် လိုအပ်သည်။

Drooling IMG1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကလေးများတွင် သွားရည်ကျများစေသည့် အကြောင်းရင်းများမှာ_

  1. တံတွေးမျိုချရခက်သော ရောဂါအခြေအနေများ
    ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ ရောဂါအခြေအနေများတွင် ပါးစပ်နှင့် လည်ချောင်းတဝိုက်ရှိ ကြွက်သားများ အားနည်းသောကြောင့် တံတွေးမျိုချရခက်ပြီး သွားရည်ကျများလာသည်။ CPရောဂါ ကလေးများတွင် အများဆုံးတွေ့ရသည်။
    လေဖြတ်ခြင်း၊ ဦးခေါင်း ထိခိုက်ဒဏ်ရာရခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှု ပုံမမှန်ခြင်း စသည့် အခြေအနေများတွင်လည်း လည်ပင်းကြွက်သားများကို ကောင်းစွာ မထိန်းချုပ်နိုင်သောကြောင့် သွားရည်ကျ များတတ်သည်။ တံတွေးမျိုချရမှန်းမသိသော၊ အသိဉာဏ်ဖွံ့ဖြိုးမှုအားနည်းသည့် ကလေးများတွင်လည်း သွားရည်ကျ များနိုင်သည်။
    တစ်ခါတစ်ရံ ဦးနှောက်ထိခိုက်မှုကြောင့် မဟုတ်ဘဲ အစာမျိုချခြင်းပြုလုပ်သည့် ပါးစပ်နှင့် လည်ချောင်းတဝိုက်ရှိ အင်္ဂါအစိတ်အပိုင်းများ ပုံမမှန်သော ကလေးများတွင်လည်း ဖြစ်နိုင်သည်။
    ဥပမာ_
    • လျှာကြီးခြင်း
    • မေးရိုး၊ လည်ချောင်းနှင့် သွားများ ပုံမမှန်ခြင်း
    • နှုတ်ခမ်းနှင့် အာခေါင်များ ကွဲနေခြင်း စသည့် အခြေအနေများတွင် တံတွေးမျိုချခြင်း ပြဿနာရှိသောကြောင့် သွားရည်ကျနိုင်သည်။
  2. တံတွေး အလွန်အကျွံထွက်သောကြောင့် သွားရည်ကျခြင်း
    ဤအခြေအနေကို ပါးစပ်တွင်းပေါက်နေသော အနာများ၊ အာရုံကြောဆိုင်ရာ ရောဂါများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ဆေးဝါးအချို့၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် တွေ့ရနိုင်သည်။
ရောဂါလက္ခဏာများ နှင့် နောက်ဆက်တွဲပြဿနာများ

အဓိကလက္ခဏာအုပ်စု နှစ်စုရှိသည်။

ပါးစပ်ရှေ့မှ သွားရည်များစီးကျခြင်းကြောင့် ဖြစ်သော လက္ခဏာများမှာ –

  • ပါးစပ်နှင့် မေးစေ့တဝိုက်ရှိ အရေပြားများ နီရဲခြင်း၊ ယားယံခြင်း၊ နာကျင်ခြင်း၊ ကွဲအက်ခြင်း
  • ရေဓာတ် အနည်းငယ် ခန်းခြောက်ခြင်း
  • စကားပြောဆိုရာတွင် ခက်ခဲခြင်း
  • အစားအသောက်စားချိန်တွင် ခက်ခဲခြင်း
  • အဝတ်အစားနှင့် အိပ်ယာခင်းများ စိုစွတ်နေတတ်ခြင်း
  • အနံ့ထွက်ခြင်း စသည်တို့ဖြစ်သည်။

လည်ချောင်း အနောက်ဘက်သို့ ပြန်ကျခြင်းကြောင့် တွေ့ရသော လက္ခဏာများမှာ_

  • အစာ၊ ရေ သီးခြင်း
  • ချောင်းဆိုးခြင်း
  • အော့အန်ခြင်း
  • အသက်ရှူရ ခက်ခဲခြင်း
  • ချွဲပိတ်၍ အဆုတ်ရောင်ခြင်း စသည့် လေပြွန်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ နာတာရှည်ပြဿနာများ ဖြစ်သည်။

ထို့ပြင် သွားရည်ကျခြင်းကို ဖြစ်စေသည့် ရောဂါအခြေအနေများ၏ လက္ခဏာများကိုလည်း ယှဥ်တွဲ၍တွေ့ရနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက၊ အသက်လေးနှစ်ကျော်သည်အထိ သွားရည်ကျနေပါက သို့မဟုတ် ကလေးအတွက် နေ့စဥ်လုပ်ငန်းဆောင်တာများနှင့် ပြောဆိုဆက်သွယ်ရာတွင် အခက်အခဲဖြစ်လာပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

‌ကလေး၏ ရောဂါရာဇဝင်နှင့် လက္ခဏာများကို စမ်းသပ်စစ်ဆေး၍ ရောဂါအကြောင်းရင်းများ ရှိမရှိ ဆုံးဖြတ်သည်။ လိုအပ်ပါက အစာမျိုချခြင်းနှင့် စကားပြောခြင်းဖြစ်စဥ်တို့တွင် ပါဝင်သော ကြွက်သားများ လှုပ်ရှားမှုကို စစ်ဆေးသည့် အထူးဓါတ်မှန်တစ်မျိုး (Fluoroscopy) ရိုက်၍ ရောဂါရှာဖွေနိုင်သည်။

ကုသခြင်း

သွားရည်ကျခြင်းသည် မပြင်းထန်၊ မများပါက ဆေးဝါးများဖြင့် ကုသရန် မလိုပါ။ သွားရည်ခံ အသုံးပြုပေးခြင်း၊ မျက်နှာသုတ်ပဝါဖြင့် သုတ်ပေးခြင်း၊ ပါးစပ်တဝိုက်အပါအဝင် မျက်နှာရှိ ယားယံသောနေရာများကို အပူသက်သာစေသော Cream များ လိမ်းပေးခြင်းတို့ ပြုလုပ်ပေးနိုင်သည့်အပြင် ပါးစပ်မှ တံတွေးစီးကျခြင်းကို ထိန်းသိမ်းရန် Oral applicants ကိရိယာများ ပါးစပ်အတွင်း ယာယီထည့်နိုင်သည်။ ထို့ပြင် သွားရည်ကျခြင်းကို ဖြစ်စေသည့် ရောဂါအခံများကိုပါ တပါတည်းကုသမှု ခံယူရန် လိုအပ်သည်။

သွားရည်အလွန်ကျသော ကလေးများတွင်မူ ပါးစပ်နှင့်လည်ပင်း ကြွက်သားများ လေ့ကျင့်ခန်းများ၊ ဆေးဝါးများနှင့် အသေးစားခွဲစိတ်မှုများဖြင့် ကုသနိုင်သည်။ ထို့ပြင် ကလေးများ၏ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် ဂရုပြုသင့်ပြီး ပုံမှန်စစ်ဆေးပေးရန် လိုအပ်သည်။ တစ်နေ့ နှစ်ကြိမ် သွားတိုက်ပေးခြင်း၊ အစာစားပြီးတိုင်း ပလုတ်ကျင်းစေခြင်း၊ သွားပွတ်ကြိုး သုံးစေခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။ သုံးလ (သို့မဟုတ်) ခြောက်လ တစ်ခါ သွားဆရာ၀န်ထံ တိုင်ပင်ပြသ၍ သွားကျောက်ခြစ်ခြင်း၊ သွားပိုးပေါက်များဖာခြင်း စသည်တို့ကိုလည်း လုပ်ဆောင်သင့်သည်။ ချိုလွန်းသော၊ အက်ဆစ်ဓာတ်များပြီး ချဉ်သော အစားအစာများ၊ ဂျုံနှင့် နို့ထွက်ပစ္စည်းများပါသော အစားအစာများကို လျှော့စား၍ အာဟာရပြည့်၀သော အစားအသောက်များကို စားပေးခြင်း၊ ရေကို လုံလောက်အောင် သောက်သုံးပေးခြင်းဖြင့် သွားနှင့်ခံတွင်း ပြဿနာများကို အတန်အသင့် ကာကွယ်ပေးနိုင်သည်။

လေ့ကျင့်ခန်းများ

ပါးစပ်နှင့် လည်ပင်းရှိကြွက်သားများ သန်မာလာစေရန် လေ့ကျင့်ခန်းများ လုပ်ဆောင်ပေးခြင်းသည် သွားရည်ကျသောကလေးတိုင်းတွင် လေ့ကျင့်သင့်သော နည်းလမ်းတစ်ခုဖြစ်သည်။ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အစာမျိုချခြင်းနှင့် စကားပြောခြင်း စသည့် လုပ်ဆောင်ချက်များ ပိုမိုလျင်မြန်လာစေနိုင်ပြီး သွားရည်ကျခြင်းကို ထိန်းလာနိုင်မည်ဖြစ်သည်။ Speech and language therapist ဟုခေါ်သော ဆေးဘက်ဆိုင်ရာပညာရှင်များနှင့် တိုင်ပင်ကုသ လေ့ကျင့်သင့်သည်။ လေ့ကျင့်ခန်းများတွင် စားသောက်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းများ၊ နှုတ်ခမ်းတဝိုက်နှင့် လည်ပင်းကြွက်သားများအတွက် လေ့ကျင့်ခန်းများအပြင် ပါးစပ်အတွင်းသို့ လက်ထည့်လေ့ရှိသော ကလေးများအတွက် အပြုအမူဆိုင်ရာ လေ့ကျင့်ခန်းများ ပါ၀င်သည်။

  1. ကလေးများ အစားအသောက်စားချိန်တွင် ပါးစပ်ကိုလုံအောင် ပိတ်စေ၍ အစာကို ဖြည်းဖြည်းမှန်မှန် အချိန်ယူ၍ ဝါးစေခြင်းဖြင့် သွားရည်ကျခြင်းကို ထိန်းတတ်စေရန် လေ့ကျင့်ပေးနိုင်သည်။
  2. ပါးစပ်ကြွက်သားများအတွက် မှန်ကြည့်၍ ပြုံးခြင်း၊ မျက်မှောင်ကြုံ့ခြင်း၊ နှုတ်ခမ်းစူခြင်း စသည့် လှုပ်ရှားမှုများအပြင် “မ”၊ “ဖ”၊ “ဘ” စသည့် နှုတ်ခမ်း အသုံးပြု၍ အသံထွက်ရသည့် စကားလုံးများကို ထပ်တလဲလဲ ရွတ်ဆိုခြင်းတို့ကို အကြိမ်များစွာ လေ့ကျင့်ပေးနိုင်သည်။
  3. စက္ကူ (သို့မဟုတ်) တစ်ရှူးစကို နှုတ်ခမ်းနှစ်ခုကြား ထည့်၍ တင်းနေအောင် ဖိထားစေခြင်း၊ ဝီစီ (သို့မဟုတ်) ဘာဂျာကဲ့သို့ လေမှုတ်တူရိယာများ မှုတ်စေခြင်း၊ နှုတ်ခမ်းနီဆိုး၍ တစ်ရှူးပေါ် (သို့မဟုတ်) လက်ပေါ် ဖိ၍ နမ်းစေခြင်း၊ အအေးသောက်သော Straw ပိုက်နှင့် ပျစ်သော အရည်များ (ဥပမာ _ ဒိန်ချဥ်၊ milkshake)ကို အားဖြင့် စုပ်သောက်စေခြင်း စသည့် လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ပေးနိုင်သည်။
  4. ပါးစပ်ထဲ လက်ထည့်လေ့ရှိသောကလေးများအတွက် လက်ဖြင့် ကစားရသော ဆေးခြယ်ခြင်း၊ အရုပ်ဆက်ခြင်းစသော လှုပ်ရှားမှုများ ပြုလုပ်စေခြင်းဖြင့် အာရုံပြောင်းအောင်‌ လေ့ကျင့်ပေးနိုင်သည်။ ထို့ပြင် သွားရည်ကျတိုင်း လက်ကိုင်ပဝါ၊ တစ်ရှူးများနှင့် သုတ်တတ်စေရန် မိဘများမှ အချက်ပြပေးခြင်း၊ နမူနာ လုပ်ပြခြင်း စသည်တို့ဖြင့်လည်း လေ့ကျင့်ပေးနိုင်သည်။

ဆေးဝါးများ

တံတွေးအထွက်များခြင်းကို လျှော့ချပေးသော အောက်ပါဆေးဝါးများ (Anticholinergic medications)ကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်သည်။

  1. သောက်ဆေးများ – Glycopyrrolate၊ Hyoscine၊ Trihexyphenidyl
  2. နားရွက်နောက်တွင် ကပ်၍ အသုံးပြုနိုင်သော ကပ်ခွာဆေးများ – Hyoscine patch
  3. လျှာအောက်ငုံဆေး – Atropine (1%) စသည်တို့ဖြစ်သည်။

ဆေးများကို ‌ရေရှည်သုံးစွဲခြင်းဖြင့် ပါးစပ်ခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ တံတွေးများ အလွန်ပျစ်လာ၍ အသက်ရှူလမ်းကြောင်းပိတ်နိုင်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ရှိသည့်အတွက် သတိထား၍ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။

ဆေးထိုးခြင်း၊ ခွဲစိတ်ကုသခြင်း

တစ်ခါတစ်ရံ တံတွေးဂလင်းများအတွင်း Botox ထိုးဆေး ထိုးပေးခြင်း၊ တံတွေးဂလင်းအချို့ကို ခွဲစိတ်ဖယ်ရှားခြင်းဖြင့်လည်း လက္ခဏာများ သက်သာစေနိုင်သည်။

ကာကွယ်ခြင်း

သွားရည်ကျခြင်းအများစုကို ကြိုတင်ကာကွယ်၍ မရပါ။

References:

  1. Hamilton, V. (2024). What Is a Drool Rash? WebMD. Retrieved July 8, 2024, from https://www.webmd.com/parenting/baby/what-is-a-drool-rash#:~:text=Drooling%20is%20common%20in%20babies,results%20in%20a%20drool%20rash.
  2. Neurodevelopment and Disability, Dentistry, Plastic and Maxillofacial Surgery, & Speech Pathology. (n.d.). Saliva Control in Children. In An information guide for families and clinicians. Retrieved July 8, 2024, from https://www.rch.org.au/uploadedfiles/main/content/plastic/salivabook.pdf
  3. Professional, C. C. M. (2024). Drooling. Cleveland Clinic. Retrieved July 8, 2024, from https://my.clevelandclinic.org/health/symptoms/22384-drooling#:~:text=Drooling%20is%20characterized%20by%20saliva,disorders%20or%20other%20health%20conditions.
  4. The Healthline Editorial Team. (2023). What Causes Drooling? Healthline. Retrieved July 8, 2024, from https://www.healthline.com/health/drooling#:~:text=Drooling%20is%20usually%20caused%20by,sinusitis%20can%20all%20impair%20swallowing.

Published: 30 August 2024

Share

30 August 2024
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.