Picky eaters (အစားရွေးသော၊ အစားနည်းသောကလေးများ)

Picky eaters (အစားရွေးသော၊ အစားနည်းသောကလေးများ)

ကလေးများ အထူးသဖြင့် လမ်းလျှောက်တတ်ခါစအရွယ် ကလေးငယ်များ အစားရွေးခြင်း၊ အစာကျွေးရ ခက်ခြင်း ပြဿနာများကို မိဘတိုင်းနီးပါး ကြုံတွေ့ရသည်။ မိမိသားသမီး အစားရွေးခြင်းကြောင့် အာဟာရ လုံလောက်စွာမရမည်ကို စိုးရိမ်တတ်ကြသည်။ ထိုကလေးအများစုသည် မည်သည့်ရောဂါမျှမရှိဘဲ အသက်(၅)နှစ်ခန့်တွင် ပုံမှန်ပြန်စားလေ့ရှိသည်။

Picky eaters IMG1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  • ကလေးများ၏ အရသာ လက်ခံနိုင်စွမ်းနှင့် အစားအစာ ကြိုက်နှစ်သက်မှုသည် နေ့စဥ်နှင့်အမျှ ပြောင်းလဲတတ်သောကြောင့် အစားအစာအသစ်တစ်ခုကို တစ်ကြိမ်စားရုံနှင့် ချက်ချင်းသဘောကျရန် ခဲယဉ်းသည်။
  • ကလေးတစ်ယောက်သည် မွေးပြီးတစ်နှစ်အတွင်း ကြီးထွားနှုန်းမြန်ပြီး လိုအပ်သော အစား အသောက်ကို ပိုမိုစားသုံးခဲ့သော်လည်း အသက်တစ်နှစ်နောက်ပိုင်းတွင် ပုံမှန်ကြီးထွားမှုနှုန်း လျော့သွားသောကြောင့် အစားအသောက်စားသုံးမှုလည်း လျော့နည်းသွားသည်။
  • ကလေး၏ အသက်အရွယ်နှင့် မလိုက်သော စိုးရိမ်သောက၊ ပင်ပန်းခြင်းများ (ဥပမာ – မူကြိုကျောင်းနှင့် အခြားသင်ကြားမှုများ)ရှိလျှင်၊ ကစားချိန်၊ စားချိန်၊ အိပ်ချိန်များ မမှန်လျှင်လည်း အစားအသောက်နည်းတတ်သည်။
  • လမ်းလျှောက်တတ်ခါစ၊ မူကြိုတက်ခါစအရွယ် ကလေးငယ်များသည် နှာစေး ချောင်းဆိုး၊ အအေးမိခြင်းများ မကြာခဏဖြစ်လာတတ်ပြီး အစားသောက်ပျက်နိုင်သည်။ ထိုအချိန်တွင် တိုက်သောဆေးဝါးများသည်လည်း အစားအသောက်ပျက်စေသည်။
  • ဝမ်းချုပ်လျှင်လည်း အစားလျော့နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါအခြေအနေများတွင် ကလေးသည် အစားအသောက်လျော့သော်လည်း ပုံမှန်အတိုင်း ကျန်းမာလန်းဆန်းစွာ ကစားနေလေ့ရှိပြီး ကိုယ်အလေးချိန်ကျလေ့မရှိပါ။ အကယ်၍ အစားအသောက်ပျက်ရုံမက ကိုယ်အလေးချိန်ပါ ကျလာလျှင်၊ တခြားရောဂါလက္ခဏာများပါ တွဲရှိနေလျှင်၊ ရောဂါအခြေအနေ တစ်ခုခု (ဥပမာ – တီဘီရောဂါ၊ သွေးအားနည်းခြင်း၊ သန်ကောင်များ၊ သွားပိုးစားခြင်း၊ သွားကိုက်ခြင်း)ကြောင့် ဖြစ်နိုင်သဖြင့် မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်သင့်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

မိဘများမှ ဆောင်ရန်၊ ရှောင်ရန်များ
  1. ကလေးကို အစာကျွေးသူသည်
    • စိတ်ရှည်ပါ
    • အစားအစာတစ်မျိုးကို ကြိုက်လာစေရန် အနည်းဆုံး ဆယ်ကြိမ်ခန့် ကြိုးစားကျွေးပါ
    • ကလေးကို မဆူပါနှင့်
    • ပမာဏအနည်းငယ်မျှ စားသုံးသည်ကိုပင် ချီးကျူးပေးပါ။
    • ကျန်းမာရေးဗဟုသုတများ လေ့လာဆည်းပူးပါ
    • လူကြီးမိဘများမှ စံပြနမူနာကောင်းများ ဖြစ်ပါစေ။ ကလေးများသည် မိဘများကို ခင်တွယ်ရုံသာမက မိဘများ၏အမူအကျင့်များကို လေ့လာ အတုယူတတ်ကြသည်။ ထို့ကြောင့် ကလေး အစာမရွေးစေရန် မိဘများမှ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားပြခြင်း၊ အရသာအသစ်များကို အားပါးတရ စားပြခြင်းများ ပြုလုပ်ပေးပါက ကလေးကိုယ်တိုင်လည်း အစာစားချင်စိတ် တိုးတက်လာနိုင်သည်။ အစာစားချိန်တွင်လည်း ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ စားသောက်စေရန် မိဘများမှအတူထိုင်ပြီး စကားပြောပေးခြင်း၊ အာဟာရတန်ဖိုးများအကြောင်း ရှင်းပြပေးခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။ ထို့ပြင် အစားစားချိန်တွင် ကလေးများ ငြိမ်နေစေရန် ဖုန်းများ ပေးကြည့်ခြင်း၊ တီဗွီအစီအစဥ်များ ပြထားခြင်းတို့ကိုလည်း ‌ရှောင်ကြဉ်သင့်သလို မိမိကိုယ်တိုင်လည်း မကြည့်သင့်ပါ။
  2. ပတ်ဝန်းကျင်
    • ကလေးပျော်ရွှင်နှစ်ခြိုက်သော ပတ်ဝန်းကျင် ဖြစ်ပါစေ။
    • ထမင်းဝိုင်းတွင် မိသားစု စုံစုံညီညီ ဝိုင်းထိုင်ခြင်းသည်လည်း ကလေးအတွက် အများစားသလို ပိုစားချင်စိတ်ပေါက်လာနိုင်သည်။
    • ကလေးကို အာရုံပြောင်းစေသော အရုပ်များ၊ ရုပ်ပုံစာအုပ်၊ တီဗွီစသည်တို့ကို အဝေးတွင် ဖယ်ထားပြီး ကလေးမှ ထမင်းဟင်းကိုသာ အာရုံစိုက်ပါစေ။
  3. အစားအသောက်
    • ကလေးကို အစာကျွေးတိုင်း ကလေးကြိုက်နှစ်သက်သော အစာတစ်ခုအနည်းဆုံးပါပါစေ။
    • အစားအသောက်တစ်မျိုးတည်းကို ရိုးမသွားအောင် အပြောင်းအလဲ အမြဲပြုလုပ်ပေးပါ။
    • ကလေးများသည် သွားရည်စာကို ကြိုက်တတ်ကြသည်။ ထို့ကြောင့် သွားရည်စာကျွေးသောအချိန်တွင် အာဟာရဖြစ်စေမည့် သွားရည်စာမျိုး (ဥပမာ- မြေပဲလှော်၊ မြန်မာမုန့်မျိုးစုံ၊ အသားညှပ်ပေါင်မုန့်) စသည်တို့ကို ကျွေးသင့်သည်။ သို့သော် ပမာဏများစွာကျွေးခြင်း၊ သွားရည်စာ မကြာခဏကျွေးခြင်းမျိုး ရှောင်ကြဥ်ပါ။ သွားရည်စာကို တစ်ရက်တွင် နှစ်ကြိမ်ထက်ပိုမကျွေးသင့်ပါ။
    • အာဟာရတစ်ခုဝင်စေချင်သော်လည်း ကလေးကငြင်းနေလျှင် တခြားအစားအသောက်ပုံစံတစ်ခုနှင့် အစားထိုးပါ (ဥပမာ နို့မသောက်သော ကလေးအတွက် နို့ဆန်ပြုတ်လိုမျိုး၊ ဒိန်ချဉ်လိုမျိုးကျွေးနိုင်သည်)။
    • သန့်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ကျွေးမွေးရန်လည်း အရေးကြီးသည်။
    • အာဟာရပြည့်ဝသော အစားအစာအမျိုးအစား စုံလင်အောင်ကျွေးပါ။ အစားအစာအုပ်စုများ၏ မတူညီသောအရောင်များနှင့် ပုံပန်းသဏ္ဌာန်၊ အသွင်အပြင်များကို ကလေးကိုယ်တိုင် စူးစမ်းလေ့လာစေပြီး အရသာကို မြည်းစမ်းစေခြင်းဖြင့် လေ့ကျင့်ပေးနိုင်သည်။ အစေ့အဆန်များ၊ ပဲမျိုးစုံ (ပဲဝါ၊ ပဲနီ)၊ အခွံမာသီးနှင့် အစေ့များ၊ နို့ထွက်ပစ္စည်းများ (နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ)၊ အသား၊ ငါး၊ ကြက်ဥ၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင် ထိတွေ့ကိုင်တွယ်စေပြီး စားစေခြင်းဖြင့် ထိရောက်မှုရှိနိုင်သည်။
  4. ကျွေးပုံကျွေးနည်း
    • ကလေးမှ ငြင်းနေလျှင် အနည်းဆုံး တစ်ကိုက်၊ တစ်လုပ်၊ တစ်ဇွန်း မြည်းခိုင်းပါ။
    • ကလေးမကြိုက်မှန်း သိသော်လည်း မကြာခဏ ပုံမှန်စားခိုင်းကြည့်ပါ။ ကြာလာလျှင် သူ့၌ စမ်းသပ်စားကြည့်ချင်စိတ် ပေါ်လာနိုင်သည်။
    • ကလေးကို အစားအသောက်အသစ်တစ်ခု စတင်ကျွေးချိန်တွင် သေးငယ်သော အစိတ်အပိုင်းများဖြင့်သာ စတင်သင့်သည်။ တစ်ခါတည်း အများကြီးကျွေးခြင်းထက် ပမာဏနည်းနည်းနှင့် အကြိမ်များစွာကျွေးခြင်းက ပို၍ထိရောက်နိုင်သည်။
  5. အချိန်
    • မိမိကလေး အနေအထားကြည့်ပြီး နေ့လည်စာစားချိန်၊ ညစာစားချိန်၊ သွားရေစာကျွေးချိန် စသည်တို့ သတ်သတ်မှတ်မှတ် ခွဲခြားထားပါ။
    • အဓိကအစာကျွေးချိန်တွင် သွားရည်စာကျွေးခြင်းမျိုး မပြုလုပ်ပါနှင့်။
  6. ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အထ လေ့ကျင့်ပေးခြင်း
    • မိဘများမှ အစားအစာပြင်ဆင်ချိန်တွင် ကလေးကိုပါဝင်စေခြင်းဖြင့် အစားအစာမရွေးဘဲ စားနိုင်ခြေကို မြင့်တက်စေနိုင်သည်။
    • စျေးသို့အတူခေါ်သွားပေးပြီး ကလေးစိတ်ဝင်စားသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တို့ကို ရွေးချယ်စေကာ အမည်၊ အနံ့၊ အရသာနှင့် ပုံပန်းသဏ္ဌာန်၊ အသွင်အပြင်တို့ကို သင်ကြားပေးနိုင်သည်။
    • မီးဖိုချောင်ထဲ ချက်ပြုတ်ချိန်တွင်လည်း ကလေး၏ အသက်အရွယ်အလိုက် ဟင်းရွက်များ ခြွေစေခြင်း၊ ဟင်းအရသာ မြည်းစေခြင်း စသည်ဖြင့် တွဲဖက်လုပ်စေခြင်းသည်လည်း ကလေးအတွက် စိတ်လှုပ်ရှားပျော်ရွှင်စေသည်။

ကလေးများ အစားရွေးခြင်း၊ အစားနည်းခြင်းသည် မိမိတစ်ဦးတည်း ကြုံတွေ့နေရခြင်း မဟုတ်ဘဲ အတွေ့ရများသော ပြဿနာဖြစ်ပြီး ကလေးအများစုသည် အချိန်တန်လျှင် ပုံမှန်ပြန်ဖြစ်လေ့ရှိသည်။

References:

  1. Picky Eaters and What to Do. (2023). Centers for Disease Control and Prevention. Retrieved June 27, 2024, from https://www.cdc.gov/nutrition/infantandtoddlernutrition/foods-and-drinks/picky-eaters.html
  2. Picky Eaters and What to Do. (2023). Centers for Disease Control and Prevention. Retrieved June 27, 2024, from https://www.cdc.gov/nutrition/infantandtoddlernutrition/foods-and-drinks/picky-eaters.html#:~:text=Give%20your%20child%20a%20chance,small%20bites%20of%20different%20foods.
  3. Website, N. (2023). Fussy eaters. nhs.uk. Retrieved June 27, 2024, from https://www.nhs.uk/conditions/baby/weaning-and-feeding/fussy-eaters/
  4. 10 Tips for Parents of Picky Eaters. (n.d.). HealthyChildren.org. Retrieved June 27, 2024, from https://www.healthychildren.org/English/ages-stages/toddler/nutrition/Pages/Picky-Eaters.aspx
  5. Rd, J. K. M. (2018). 16 Helpful Tips for Picky Eaters. Healthline. Retrieved June 27, 2024, from https://www.healthline.com/nutrition/tips-for-picky-eaters
  6. UNICEF. (n.d.). 7 tips for winning over a picky eater. UNICEF Parenting. Retrieved June 27, 2024, from https://www.unicef.org/parenting/food-nutrition/7-tips-winning-over-picky-eater

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.