Electrocution (ဓာတ်လိုက်ခြင်း)

CLL Health Emergency

လူ၏ခန္ဓာကိုယ်သည် လျှပ်ကူးပစ္စည်းတစ်မျိုး ဖြစ်သောကြောင့် ခန္ဓာကိုယ်အတွင်း လျှပ်စီးကြောင်း ဖြတ်သန်းစီးဆင်းခြင်းခံရပါက ဓာတ်လိုက်ခြင်းဖြစ်နိုင်သည်။ လျှပ်စစ်ဓာတ်ဗို့လ်ပြင်းအားပေါ် မူတည်၍ သာမန်မီးလောင်ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာမှသည် ရုတ်တရက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။

Electrocution image1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အောက်တွင်ဖော်ပြထားသော အကြောင်းရင်းများစွာကြောင့် ဓာတ်လိုက်ခြင်း ဖြစ်ပေါ်နိုင်သည်။

  • အိုဟောင်းပျက်စီးနေသော လျှပ်စစ်ကြိုးများ၊ လျှပ်စစ်ကိရိယာများ
  • ရေစိုနေသော လျှပ်စစ်ဓာတ်ကြိုးများ
  • လျှပ်စစ်စီးနေသောဓာတ်ကြိုး အကာအရံများ စုတ်ပြဲပြတ်တောက်နေခြင်း
  • သွယ်တန်းထားသော လျှပ်စစ်ဓာတ်ကြိုးများ ပြုတ်ကျနေခြင်း
  • လျှပ်စစ်မိုးကြိုးပစ်ခြင်းတို့ ဖြစ်ကြသည်။

ဓာတ်လိုက်ခြင်းသည် လုပ်ငန်းခွင်အန္တရာယ်အဖြစ်လည်းကောင်း၊ အိမ်တွင်းအန္တရာယ်အဖြစ်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များအတွင်း ဓာတ်အားလိုင်းများ ပြိုကျမှုကြောင့်လည်းကောင်း အဖြစ်များသည်။

Electrocution image2
ရောဂါလက္ခဏာများ

လျှပ်စီးဓာတ်အမျိုးအစား (AC သို့မဟုတ် DC)၊ လျှပ်စစ်ဗို့လ်အားပမာဏနှင့် ခန္ဓာကိုယ်အတွင်းသို့ လျှပ်စစ်စီးဆင်းသွားသည့် လမ်းကြောင်းတို့အပေါ် မူတည်၍ ဒဏ်ရာအမျိုးအစား အမျိုးမျိုးဖြစ်ပေါ်နိုင်သည်။ ဗို့အား (၅၀၀) အောက်နည်းသော လျှပ်စစ်ဓာတ်အားကြောင့်ဖြစ်လျှင် အပေါ်ယံအရေပြားလောင်ကျွမ်းမှုသာ ဖြစ်ပေါ်လေ့ရှိသည်။ ဗို့အား (၅၀၀) အထက်ရှိသော၊ မြင့်မားသော လျှပ်စစ်ဓာတ်အားကြောင့်ဖြစ်လျှင် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိနိုင်သည်။

လျှပ်စစ်စီးဝင်မှုသည် အရေးကြီးသည့်အင်္ဂါများဖြစ်သည့် နှလုံး၊ ဦးနှောက်တို့အတွင်း တိုက်ရိုက်စီးဝင်လျှင် အသက်သေဆုံးနိုင်သည်။ လျှပ်စစ်စီးဝင်မှုအချိန် ကြာသည်နှင့်အမျှ ခန္ဓာကိုယ်တစ်ရှူးများ ပျက်စီးမှုပိုများသည်။ လျှပ်စစ်ဓာတ်၏ အပူရှိန်ကြောင့် မီးလောင်ဒဏ်ရာများရရှိနိုင်ပြီး လျှပ်စီးလှိုင်းကြောင့် လျှပ်စစ်လွယ်ကူစွာစီးဆင်းနိုင်သည့် နှလုံးကြွက်သား၊ အရိုးတွယ်ဆက်ကြွက်သား၊ အာရုံကြောများ ပျက်စီးနိုင်သည်။ ဓာတ်လိုက်ခြင်းကြောင့် နှလုံးခုန်စည်းချက်ပျက်စီးခြင်း၊ ရုတ်တရက်နှလုံးခုန်ရပ်ခြင်းနှင့် အသက်ရှူကြွက်သားများပျက်စီး၍ ရုတ်တရက် အသက်ရှူရပ်ခြင်းကြောင့် ရုတ်တရက်သေဆုံးမှု ဖြစ်နိုင်သည်။

ဓာတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော လက္ခဏာများမှာ_

  • မီးလောင်ဒဏ်ရာများ (လျှပ်စစ်ဓာတ်နှင့် တိုက်ရိုက်ထိတွေ့သောနေရာများ အဓိကအားဖြင့် ခြေ၊ လက်နှင့် ဦးခေါင်းများတွင် တွေ့ရတတ်သည်)
  • ကြွက်သားများ နာကျင်ခြင်းနှင့်တုန်ခါခြင်း
  • အသက်ရှူခက်ခဲခြင်း
  • ထုံကျဥ်ခြင်း
  • တက်ခြင်း
  • သတိလစ်ခြင်း
  • ဗိုက်နာခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးခုန် စည်းချက် မမှန်ခြင်း
  • ရုတ်တရက် နှလုံးခုန်ရပ်ခြင်းတို့ ဖြစ်ကြသည်။

နောက်ဆက်တွဲ ပြဿနာများ

ဓာတ်လိုက်ခြင်းကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • ရောဂါပိုးဝင်ခြင်း (ဓာတ်လိုက်ဒဏ်ရာကြောင့် ဆေးရုံတက်ကုသခံရသော လူနာများတွင် အဓိကသေဆုံးရခြင်း အကြောင်းရင်းဖြစ်သည်)
  • နှလုံးခုန်စည်းချက် မမှန်ခြင်းနှင့် နှလုံးခုန်ရပ်ခြင်း
  • သတိပြန်မရနိုင်ခြင်း
  • အသက်ရှူရပ်ခြင်း
  • စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း (စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း)
  • လျှပ်စစ်ပြင်းအားကြောင့် လွင့်ထွက်ပြီး ပြင်းထန်ဒဏ်ရာရခြင်း သို့မဟုတ် အရိုးကျိုးခြင်း
ဆေးရုံ၊ ဆေးခန်းပြသခြင်း

မည်သူမဆို ဓာတ်လိုက်ခံရပါက မည်သည့်ဒဏ်ရာမျှ မရရှိသည့်တိုင်အောင် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြီး စစ်ဆေးကုသမှုခံယူရန် လိုအပ်သည်။ အချို့သော ဒဏ်ရာများနှင့် နောက်ဆက်တွဲပြဿနာများသည် အစကနဦးတွင် မသိသာနိုင်သဖြင့် နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် တိုင်ပင်၍ စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။ ဗို့အား (၅၀၀) နှင့်အထက် ပြင်းအားရှိသော လျှပ်စစ်ဓာတ်လိုက်ပါက ဆေးရုံအ‌ရေးပေါ်ဆေးကုဌာနသို့ ချက်ချင်းသွားရောက်၍ ကုသမှုခံယူရန် လွန်စွာအရေးကြီးသည်။ ဗို့အားမပြင်းသော်လည်း အောက်ဖော်ပြပါလက္ခဏာများ ဖြစ်ပေါ်လျှင် ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ အမြန်ဆုံးသွားရောက်ရန် လိုအပ်သည်။

  • အရေပြား မီးလောင်ဒဏ်ရာ
  • သတိလစ်ခြင်း၊ တက်ခြင်း
  • အသက်ရှူခက်ခဲခြင်း
  • မျက်စိ ထိခိုက်ခြင်း
  • နှလုံးခုန်မြန်ခြင်း သို့မဟုတ် ရပ်ခြင်း
အရေးပေါ်ကုသခြင်း

ရှေးဦးကုသခြင်း

  • ပထမဦးစွာ စီးဆင်းနေသော လျှပ်စစ်ဓာတ်ကို ဖြတ်တောက်နိုင်စေရန် ပင်မဓာတ်အားလိုင်းကို ပိတ်ရန်လိုအပ်သည်၊ ထိုသို့မပိတ်နိုင်ပါက ဓာတ်လိုက်နေသောသူကို တိုက်ရိုက်ထိတွေ့ခြင်း မပြုလုပ်ဘဲ ခြောက်သွေ့သည့် လျှပ်စစ်ဓာတ် မစီးဆင်းနိုင်သော ပလတ်စတစ် (သို့မဟုတ်) သစ်သားဖြင့် ပြုလုပ်ထားသောပစ္စည်းကို အသုံးပြု၍ ဒဏ်ရာရနေသောသူကို လျှပ်စစ်ဓာတ်နှင့် ဝေးရာသို့ ဖယ်ရှားပါ၊ လျှပ်စစ်ဓာတ်စီးနေသော ဒဏ်ရာရနေသူကို တိုက်ရိုက်ထိတွေ့ခြင်း လုံးဝမပြုလုပ်ရပါ၊ ဗို့အား (၁၀၀၀) အထက်ရှိလျှင် ပင်မဓာတ်အားလိုင်းကိုသာ ပိတ်ရန် ကြိုးစားရမည်၊ လူနာအနီးသို့ မကပ်ရ
  • ဒဏ်ရာရနေသောသူ၊ မိမိနှင့် အနီးတစ်ဝိုက်ရှိသူများ အားလုံးအတွက် အန္တရာယ်ရှိနိုင်သော အရာများကို စစ်ဆေးပါ၊ ရှောင်ရှားပါ
  • ဒဏ်ရာရနေသောသူတွင် သတိလစ်ခြင်း၊ အသက်မရှူခြင်း၊ နှလုံးခုန်ရပ်ခြင်း၊ လှုပ်ရှားမှုမရှိခြင်းတို့ တွေ့ရှိရပါက အနီးပတ်ဝန်းကျင်ရှိလူများကို ခေါ်၍ အကူအညီတောင်းခံပါ
  • အရေးပေါ်လူနာတင်ယာဥ် ခေါ်နေစဥ် ရင်ခေါင်းဖိနှလုံးနှိုးဆွခြင်း (cardiopulmonary resuscitation – CPR)ကို ချက်ချင်းစတင်ပြုလုပ်ပါ၊ AEDခေါ် နှလုံးနှိုးဆွစက်ရှိလျှင် အသုံးပြုပါ၊ လူနာကို ဆေးရုံအရေးပေါ်သို့ ချက်ချင်းပို့ပါ၊ သတိလစ်နေသူကို သယ်ပို့ရာတွင် လက်ဝဲဘက်စောင်းသည့်အနေအထား (Recovery Position) ဖြင့်ထားရန်လိုသည်
  • မီးလောင်ဒဏ်ရာများရှိပါက ပိုးသတ်ထားသောပတ်တီး (သို့မဟုတ်) သန့်ရှင်းသော အဝတ်တို့ဖြင့် ဖုံးအုပ်ထားပါ
Electrocution image3

အရေးပေါ်ဌာန၌ ကုသခြင်း

ဆေးရုံအရေးပေါ်ဆေးကုဌာနတွင် ရုတ်ချည်းမမြင်ရသော ဒဏ်ရာများကို ရှာဖွေဖော်ထုတ်ခြင်း၊ လျှပ်စစ်ဓာတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်သည့် ကြွက်သားထိခိုက်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ ဦးနှောက်နှင့် အခြားကိုယ်တွင်းအင်္ဂါများ ထိခိုက်ခြင်း၊ အရိုးကျိုးခြင်းများ ရှိမရှိကို ဦးစွာစစ်ဆေးရှာဖွေမည် ဖြစ်သည်။ ထို့နောက် ရောဂါရာဇဝင်နှင့် စစ်ဆေးတွေ့ရှိချက်များပေါ်မူတည်၍ အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်လိမ့်မည်ဖြစ်သည်။

  • နှလုံးစစ်ဆေးရန် အီးစီဂျီဆွဲခြင်း
  • သွေးစစ်ဆေးခြင်း
  • အရိုးကျိုးခြင်း (သို့မဟုတ်) အဆစ်လွဲခြင်းတို့ကို ရှာဖွေနိုင်ရန် ဓာတ်မှန်ရိုက်ခြင်းနှင့် လိုအပ်လျှင် ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း

ဆက်လက်ကုသခြင်း

ဒဏ်ရာပြင်းထန်မှုပေါ်မူတည်၍ အောက်ဖော်ပြပါ ကုသမှုအမျိုးမျိုးဖြင့် ကုသရန်လိုအပ်သည်။

  1. အနာသက်သာသောဆေးများပေးခြင်း (pain medication)
  2. မီးလောင်ဒဏ်ရာကြောင့် ‌ရေဓာတ်ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းပေးရန် သွေးကြောထဲသို့ အရည်ဖြည့်ပေးခြင်း (intravenous fluids)
  3. မီးလောင်ဒဏ်ရာကို ကုသခြင်း
    • သာမန်မီးလောင်ဒဏ်ရာများအတွက် ပဋိဇီဝပိုးသတ်ဆေးလိမ်းဆေးများဖြင့် အနာကို ဆေးထည့်ပေးခြင်း၊ ပတ်တီးလဲပေးခြင်း
    • ပြင်းထန်သော မီးလောင်ဒဏ်ရာဖြစ်ပါက အနာများကို သန့်စင်‌စေရန် လိုအပ်လျှင် ခွဲစိတ်ခန်းတွင် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အရေပြားအစားထိုးကုသမှု ပြုလုပ်ခြင်း
    • ခြေထောက်နှင့်လက်များတွင် အလွန်ပြင်းထန်သော မီးလောင်ဒဏ်ရာဖြစ်ပါက ထိခိုက်ပျက်စီးသွားသော ကြွက်သားများကို ခွဲစိတ်ဖယ်ရှားခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် လိုအပ်လျှင် ခွဲစိတ်ဖြတ်တောက်ခြင်းများ ပြုလုပ်နိုင်သည်။
  4. အခြားသော ဒဏ်ရာများကို ကုသခြင်း
    • မျက်စိထိခိုက်ဒဏ်ရာရှိလျှင် မျက်စိအထူးကုဆရာဝန်များနှင့် ဆက်လက်ပြသ၍ ကုသမှုခံယူခြင်း
    • အရိုးကျိုးလျှင် ကျောက်ပတ်တီးစည်းခြင်း သို့မဟုတ် လိုအပ်လျှင် ခွဲစိတ်ကုသခြင်း
    • ကိုယ်တွင်းအင်္ဂါများထိခိုက်လျှင် စောင့်ကြည့်ခြင်းနှင့် လိုအပ်လျှင် ခွဲစိတ်ကုသခြင်း
ကာကွယ်ခြင်း

နေအိမ်နှင့်လုပ်ငန်းခွင်တို့တွင် အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ဓာတ်လိုက်ခြင်းမဖြစ်ပေါ်စေရန် ကာကွယ်နိုင်သည်။

  • လျှပ်စစ်နှင့်ပတ်သက်သော လုပ်ငန်းများအတွက် နားလည်တတ်ကျွမ်းသော လိုင်စင်ရ လျှပ်စစ်အင်ဂျင်နီယာများကိုသာ အမြဲတမ်းအသုံးပြုရန်
  • လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို စိတ်ချစွာအသုံးပြုနိုင်ရန် ပုံမှန်စစ်ဆေးပေးရန်
  • ရေနှင့် စိုစွတ်နေသောနေရာတွင် လျှပ်စစ်ကို မည်သည့်အခါတွင်မျှ အသုံးမပြုရန်
  • ပျက်စီးယိုယွင်းနေသော လျှပ်စစ်ဓာတ်ကြိုးများကို အသုံးမပြုရန်
  • လျှပ်စစ်ပစ္စည်းများကို အသုံးပြုသည့်အခါ ညွှန်ကြားချက်ပါအချက်များအတိုင်း လိုက်နာအသုံးပြုရန်
  • ကလေးများအား လျှပ်စစ်အန္တရာယ်မှ ကာကွယ်ရန် မီးကြိုး၊ မီးခလုတ်၊ လျှပ်စစ်ကိရိယာများအား ကိုင်တွယ်ခြင်းမပြုစေရန်၊ ပလပ်ပေါက်၊ ပလပ်ခေါင်းများအား ဖုံးအုပ်ထားရန်
  • လုပ်ငန်းခွင်တွင် ချမှတ်ထားသော အန္တရာယ်ကင်းစေမည့် နည်းလမ်းများကို အားလုံးလိုက်နာရန်နှင့် လိုအပ်သည့်အခါ ရာဘာဖိနပ်နှင့်လက်အိတ်တို့ကို ဝတ်ဆင်ရန်တို့ဖြစ်သည်။

References:

  1. Electric Shock. (2024). Cleveland Clinic. Retrieved November 9, 2024, from https://my.clevelandclinic.org/health/diseases/electric-shock-injury
  2. Electric Shock. (2023). WebMD. Retrieved November 9, 2024, from https://www.webmd.com/first-aid/electric-shock
  3. Department of Health & Human Services. (n.d.). Electric shock. Better Health Channel. Retrieved November 9, 2024, from https://www.betterhealth.vic.gov.au/health/healthyliving/electric-shock
  4. Electrical shock: First aid. (n.d.). Mayo Clinic. Retrieved November 9, 2024, from https://www.mayoclinic.org/first-aid/first-aid-electrical-shock/basics/art-20056695

Published: 29 November 2024

Share

Category

29 November 2024
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.