သွေးလွန်တုပ်ကွေးရောဂါသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော ခြင်ကိုက်ရာမှတဆင့် လူကိုကူးစက်ဖြစ်ပွားသော ရောဂါဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာချက်များအရ ကမ္ဘာ့ လူဦးရေ၏ ထက်ဝက်ခန့်သည် သွေးလွန်တုပ်ကွေးကူးစက်ခံရမည့် အန္တရာယ်ရှိနေသည်။ နှစ်စဉ်လူသန်းပေါင်း (၄၀၀)ခန့်သည် သွေးလွန်တုပ်ကွေးရောဂါ ခံစားကြရသည်။ ကမ္ဘာ့အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်များတွင် အဖြစ်များသည်။ အရှေ့တောင်အာရှဒေသသည် သွေးလွန်တုပ်ကွေး အဖြစ်ဆုံးဒေသတစ်ခုဖြစ်ပြီး ကမ္ဘာ့ရောဂါဖြစ်ပွားမှု၏ (၇၀%)သည် အာရှတိုက်တွင် ဖြစ်ပွားသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်အမျိုးအစား အမှတ် (၁) မှ (၄) အထိ (၄)မျိုးရှိသည်။ ဗိုင်းရပ်စ်ပိုးတစ်မျိုး ကူးစက်ခံပြီးသော်လည်း အခြားတစ်မျိုး ထပ်မံကူးစက်နိုင်သည်။ ထို့ကြောင့် လူတစ်ဦးသည် တစ်သက်တာတွင် သွေးလွန်တုပ်ကွေး တစ်ကြိမ်ထက်ပို၍ ဖြစ်နိုင်သည်။
သွေးလွန်တုပ်ကွေးသည် အဓိကအားဖြင့် ရောဂါပိုးသယ်ဆောင်လာသော အေးဒီးစ် (Aedes aegypti) ခြင်အမ ကိုက်ခြင်းကြောင့် လူကိုကူးစက်စေသည်။ အဆိုပါအေးဒီးစ်ခြင်များသည် ဇီကာဗိုင်းရပ်စ်၊ ဆင်တုပ်ကွေးပိုး (chikungunya) များကိုပါ သယ်ဆောင်နိုင်စွမ်းရှိသည်။ အေးဒီးစ်ခြင်သည် ရေကြည်ရေသန့်တွင် ပေါက်ဖွားသည်။ နေ့အချိန်တွင် အဓိက အကိုက်ခံရလေ့ရှိသည်။
သွေးလွန်တုပ်ကွေး ရောဂါပိုးရှိသူတစ်ဦးသည် ရောဂါလက္ခဏာမစတင်မီ (၂)ရက်မှ အဖျားပျောက်ကင်းပြီး (၂) ရက်အတွင်း ခြင်ကိုက်ခံရလျှင် ထိုခြင်ဆီသို့ရောဂါပိုးဝင်ရောက်ကာ ၎င်းခြင်ကိုက်ခံရခြင်းမှတစ်ဆင့် အခြားသူများသို့ ရောဂါပြန့်ပွားစေနိုင်သည်။ ရောဂါပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာ မပြသောသူများသည်လည်း ဤနည်းဖြင့် ရောဂါကူးစက်စေနိုင်သည်။
မိခင်မှ သန္ဓေသားသို့ကူးစက်ခြင်း၊ သွေးသွင်းကုသခြင်း၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းများ အစားထိုးကုသခြင်းများမှ ကူးစက်ခြင်း အလွန်နည်းပါးသည်။
အထက်ဖော်ပြပါ ကူးစက်ခြင်းများမှတပါး အခြားသောနည်းလမ်းများ (ဥပမာ – အစားစားခြင်း၊ စမ်းရေသောက်ခြင်း)မှတဆင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်နိုင်သည့် အထောက်အထားမရှိပါ။
ရောဂါလက္ခဏာများ
ရောဂါပိုးကူးစက်ခံစားရသူ (၄)ဦးတွင် (၁)ဦးသာ ရောဂါလက္ခဏာပြနိုင်သည်။ အများအားဖြင့် မပြင်းထန်သော ရောဂါလက္ခဏာများသာ ခံစားရသည်။ ရောဂါပိုးကူးစက်ခံရပြီး (၁)ရက် မှ (၄)ရက်အကြာတွင် လက္ခဏာများစတင်လေ့ရှိပြီး ထိုလက္ခဏာများသည် (၂)ရက် မှ (၇)ရက်ခန့်အထိ ကြာမြင့်နိုင်သည်။
ကလေးများတွင်တွေ့ရသော သွေးလွန်တုပ်ကွေးလက္ခဏာများကို
- သာမန်သွေးလွန်တုပ်ကွေးလက္ခဏာများ
- အန္တရာယ် သတိပေးလက္ခဏာများနှင့်
- ပြင်းထန်သွေးလွန်တုပ်ကွေးလက္ခဏာများ ဟူ၍သုံးမျိုးခွဲခြားနိုင်သည်။
- သာမန်သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ
- ဖျားခြင်း
- မှိန်းခြင်း
- ပျို့အန်ခြင်း
- အစားအသောက် သိသိသာသာပျက်ခြင်း
- အရေပြား အကွက်ထခြင်း
- အရိုး၊ အဆစ်၊ ကြွက်သားများကိုက်ခြင်း
- ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
- လက်မောင်း၌ သွေးပေါင်ချိန်တိုင်းကိရိယာပတ်၍စမ်းခြင်း (Hess test) တွင် အနီစက်များစွာတွေ့ခြင်း စသည်တို့ဖြစ်သည်။
- အန္တရာယ်သတိပေးလက္ခဏာများ (warning signs)
အခြားအဖျားရောဂါများနှင့်မတူညီဘဲ အဖျားကျသောအချိန်တွင် အန္တရာယ်သတိပေးလက္ခဏာများ စတင်ဖြစ်ပေါ်လေ့ရှိသည်။ အဖျား (၃) ရက်မှ (၅)ရက်ကြားတွင် အတွေ့ရများသည်။ ၎င်းတို့မှာ –- အဖျားကျသော်လည်း လန်းဆန်းမှုမရှိ၊ နုံးချိခြင်း
- အလွန်ဂျီကျခြင်း (သို့မဟုတ်) အလွန်မှိန်းခြင်း
- အလွန်အန်ခြင်း၊ အစာအရည်မဝင်ခြင်း
- ဗိုက်အလွန်အောင့်ခြင်း
- အသည်းကြီးခြင်း
- ဆီးအလွန်နည်းခြင်း၊ ဆီးမသွားခြင်း
- နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း
- ဆီး၊ ဝမ်းတို့တွင် သွေးပါခြင်း
- အသားအရောင်ဖျော့တော့ခြင်း
- ခြေလက်များ အရင်းပိုင်း(ပေါင်၊ လက်မောင်းများ)အထိ အေးစက်ခြင်းများဖြစ်ကြသည်။
- ပြင်းထန်သွေးလွန်တုပ်ကွေးလက္ခဏာများ
ရောဂါလက္ခဏာပြသူများ၏ (၂၀) ဦးလျှင် (၁)ဦးသည် ပြင်းထန်သွေးလွန်တုပ်ကွေးအဆင့်သို့ ရောက်ရှိ နိုင်သည်။ ယခင်သွေးလွန်တုပ်ကွေး ကူးစက်ခံရဖူးသူများတွင် ပြင်းထန်သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေပိုများသည်။ အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် လက္ခဏာများ ပိုမို ပြင်းထန်နိုင်သည်။
ပြင်းထန်သွေးလွန်တုပ်ကွေးလက္ခဏာများမှာ_- သွေးလန့်ခြင်း (shock)
- သွေးကြောအတွင်းမှ အရည်များစိမ့်ထွက်မှု အလွန်များပြားသောကြောင့် ဖြစ်ပေါ်လာသည်။ အထက်ပါ အန္တရာယ်သတိပေး လက္ခဏာများစတင်ဖြစ်ပေါ် ပြီး (၂၄)နာရီ မှ (၄၈)နာရီအတွင်း သွေးလန့်ခြင်း (shock) ဖြစ်နိုင်ခြေများသည်။ ကလေးတွင် သွေးခုန်နှုန်းစမ်းရခက်ခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးပေါင်တိုင်း၍ မရခြင်းများ ဖြစ်ပေါ်နိုင်သည်။ ဤအချိန်သည် အန္တရာယ်အရှိဆုံးအချိန်ဖြစ်သည်။
- အသက်ရှူ ရခက်ခြင်း၊ မောခြင်း၊ ဗိုက်ဖောင်းခြင်း
- သွေးကြောအတွင်းမှ စိမ့်ထွက်သောအရည်များ ဝမ်းဗိုက်နှင့် အဆုတ်တွင်စုမိခြင်းကြောင့် ဖြစ်ပေါ်လာသည်။
- ခန္ဓာကိုယ်အတွင်းအပြင် နေရာအနှံ့အပြားမှ သွေးထွက်ခြင်း
- ကိုယ်တွင်းအင်္ဂါများထိခိုက်ခြင်း
- ဦးနှောက်၊ အာရုံကြောစနစ် ထိခိုက်ခြင်းကြောင့် – ဂနာမငြိမ်၊ ကယောင်ကတမ်းဖြစ်ခြင်း၊ နှိုးမရအောင် မှိန်းခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း
- အသည်းပြင်းထန်စွာ ထိခိုက်ခြင်းကြောင့် – အသည်းလုပ်ငန်းများ ရုတ်တရက်ပျက်စီးနိုင်သည်။
ရောဂါဖြစ်ပွားသည့်ကာလကို အဖျားရက်ပေါ်တွင်မူတည်၍ ပိုင်းခြားပြီး ရောဂါပြင်းထန်နိုင်မှုကို ခန့်မှန်းနိုင်သည်။ - စတင်ဖျား၍ (၃)ရက်အကြာအထိ – အဖျားတက်သောကာလ (febrile phase) – သာမန် သွေးလွန်တုပ်ကွေး လက္ခဏာများ အတွေ့ရများသည်။
- (၃)ရက် မှ (၇)ရက်အထိ – ရောဂါအထွဋ်အထိပ်ကာလ (critical phase) – အန္တရာယ် သတိပေးလက္ခဏာများနှင့် ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများ အတွေ့ရများသည်။
- (၇)ရက် မှ နောက်ပိုင်းကို – ပြန်လည် သက်သာလာသောကာလ (recovery phase) ဟူ၍ ပိုင်းခြားနိုင်သည်။
- သွေးလန့်ခြင်း (shock)
နောက်ဆက်တွဲပြဿနာများ
သွေးလွန်တုတ်ကွေး ဖြစ်ပွားနေချိန် တစ်ပတ်ခန့်အတွင်း၌သာ အထက်ပါ အန္တရာယ်လက္ခဏာများ ခံစားရနိုင်ပြီး နောက်ပိုင်းတွင် နာတာရှည်ပြဿနာများ ခံစားရလေ့မရှိပါ။
ဆေးရုံ၊ ဆေးခန်းပြသရန်
သွေးလွန်တုပ်ကွေးရောဂါတွင် စောလျင်စွာသိရှိခြင်း (early detection) နှင့် အနီးကပ်စောင့်ကြည့်မှု (monitoring)သည် အဓိကကုသမှုဖြစ်သည်။
အထက်ပါသာမန်လက္ခဏာများရှိလျှင် သို့မဟုတ် သင့်ကလေးသွေးလွန်တုပ်ကွေးဖြစ်သည်ဟု သံသယရှိလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုပါသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ် ခြင်း၊ ဓါတ်ခွဲစစ်ဆေးခြင်းများဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့်တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပါလိမ့်မည်။
အန္တရာယ်သတိပေးလက္ခဏာများနှင့် ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများရှိလျှင် သို့မဟုတ် သံသယရှိလျှင် အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံ အရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် (အထူးသဖြင့် ယခင်သွေးလွန်တုပ်ကွေးဖြစ်ဖူးခြင်း၊ အဖျားရက်ကာလ၊ အခြားလက္ခဏာများ)မေးမြန်းခြင်း၊ စမ်းသပ်ခြင်း ( ဥပမာ – အသည်းကြီးခြင်း၊ သွေးထွက်ခြင်း၊ ပြင်းထန်လက္ခဏာများ) များပြုလုပ်လေ့ရှိသည်။ ထို့နောက် သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေ ရှိ/မရှိ Hess test ကိုပြုလုပ်ပါမည်။ အခြားသိသာထင်ရှားသောအကြောင်းရင်းခံမရှိဘဲ (၃)ရက်ထက်ကျော်၍ ဖျားသော ကလေးများကိုလည်း Hess testပြုလုပ်လေ့ရှိသည်။
Hess test ဆိုသည်မှာ သွေးပေါင်ချိန်တိုင်း ကိရိယာဖြင့် သွေးပေါင်ချိန်တိုင်းသကဲ့သို့ လက်မောင်းတွင် (၅) မိနစ်ပတ်ကာ ဖိအားပေးပြီး လက်ဖျံတွင် အနီစက်များ မည်မျှပေါ်လာခြင်း ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။ ထိုနည်းကို အဖျား (၃) ရက်မှ (၇) ရက်အတွင်း တိုင်းတာလျှင် မှန်ကန်နိုင်ပါသည်။
သွေးစစ်လျှင် သွေးဥမွှား (platelet) ပမာဏနည်းနေမည်။ သွေးလွန်တုပ်ကွေးရောဂါ ရှိမရှိ ပိုမိုသေချာစေရန် လူနာ၏ သွေးအား သွေးလွန်တုပ်ကွေး NS1 ဓာတ်ကို စစ်ဆေးနိုင်သည်။
ကုသခြင်း
သွေးလွန်တုပ်ကွေးရောဂါအတွက် သီးခြားကုသချက် မရှိပါ။ ပဋိဇီဝပိုးသတ်ဆေးတိုက်ရန် မလိုအပ်ပါ။ စောလျင်စွာသိရှိခြင်း၊ အနီးကပ်စောင့်ကြည့်ကုသခြင်း၊ ရောဂါအခြေအနေအလိုက် ဖြစ်ပေါ်လာသော လက္ခဏာများကို အချိန်မီကုသခြင်းဖြင့် သွေးလွန်တုပ်ကွေး၏ နောက်ဆက်တွဲ ပြဿနာများကို လျော့ကျစေနိုင်သည်။
သာမန်သွေးလွန်တုပ်ကွေး လက္ခဏာများသာရှိသော ကလေးကို နေအိမ်၌ပင် ပြုစုကုသနိုင်သည်။
- ကလေးကိုအနားပေးပါ
- အစာအသင့်အတင့်ဝင်အောင်ကျွေးပါ။ ပြန်အန်လျှင် သွေးရောင်နှင့်မှားနိုင်သော အစားအစာများကို ရှောင်ကြဉ်ပါ
- အရည်များများတိုက်ပါ
- ကိုယ်တအားပူလျှင် ပါရာစီတမောတိုက်ပါ၊ ရေဖတ်တိုက်ပါ
- အခြားအကိုက်အခဲပျောက်ဆေး တိုက်ခြင်းများမပြုရ၊ မက်ကလောင်ဖောက်ခြင်း မပြုရ
- ကလေး၏ ခန္ဓာကိုယ်မှသွေးထွက်ခြင်းအပါအဝင် အထက်ပါအန္တရာယ် သတိပေးလက္ခဏာများကို သေချာစွာစောင့်ကြည့်ပါ (ဥပမာ – အညိုအမည်းအန်ခြင်း၊ ဝမ်းမည်းမည်း သွားခြင်း)
သက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ရက်ချိန်းပြသရမည်။ အန္တရာယ်သတိပေးလက္ခဏာများနှင့် ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများရှိလျှင် သို့မဟုတ် သံသယရှိလျှင် ဆေးရုံသို့ အမြန် သွားရောက်ပြသရမည်။
အောက်ဖော်ပြပါ သွေးလွန်တုပ်ကွေးဖြစ်ပွားသူကလေးများသည် ဆေးရုံတင်၊ စောင့်ကြည့်ကုသခြင်း လိုအပ်နိုင်သည်။
- အန္တရာယ် သတိပေးလက္ခဏာများနှင့် ပြင်းထန်သွေးလွန်တုပ်ကွေး လက္ခဏာများ
- နောက်ခံရောဂါတစ်ခုခုရှိသူများ
- စိတ်ချရသော အနီးကပ်စောင့်ကြည့်ပြုစုမှု မရရှိနိုင်သူများ
- အသက်တစ်နှစ်အောက်ကလေးများ
- အဝလွန်သူများ
- ဆေးရုံ၊ ဆေးခန်းများနှင့် အလှမ်းဝေးကွာသူများ ဖြစ်သည်။
ပြင်းထန်သွေးလွန်တုပ်ကွေး (severe dengue) ဖြစ်ပွားသူများသည် ဆေးရုံတွင် အထူးကြပ်မတ်ကုသမှု ခံယူရသည်။ ရောဂါအခြေအနေအရ သွေးနှင့် သွေးရည်ကြည်များသွင်းခြင်း၊ သွေးပေါင်တက်ဆေးများပေးခြင်း၊ အသက်ရှူစက်တင် ကုသခြင်းများ လိုအပ်နိုင်သည်။
သွေးလွန်တုပ်ကွေးပြန်ကောင်းသည့် နာလန်ထချိန်တွင် recovery rash ဟုခေါ်သော အနီစက်၊အနီကွက်များလည်း ခြေလက်များတွင် ထွက်လာတတ်သည်။ အဖျားစတင်ပြီး (၇) ရက်ခန့် တွင် ပေါ်လေ့ရှိပြီး ယားယံတတ်သည်။ ထိုအနီကွက်များကြားတွင် ပုံမှန်အရေပြား၏ အရောင်အဖြူဝိုင်းလေးများ တွေ့ရတတ်သည်။ ဤသို့သောအနီစက်အနီကွက်များပေါ်ထွက်လာလျှင် သွေးလွန်တုပ်ကွေး ဖြစ်ခြင်း သေချာစေသကဲ့သို့ သွေးလွန်တုပ်ကွေးဖြစ်ခြင်းမှ ပြန်လည်သက်သာလာပြီး အန္တရာယ်မရှိနိုင်တော့ ဟုလည်းယူဆနိုင်သည်။
ကာကွယ်ခြင်း
သွေးလွန်တုပ်ကွေးကူးစက်ခံရပြီး ပထမတစ်ပတ်အတွင်းတွင် လူနာ၏သွေးထဲတွင် ဗိုင်းရပ်စ်ပိုးများ များပြားနေသဖြင့် ခြင်ကိုက်ခြင်းမှတဆင့် အခြားလူများသို့ ထပ်မံ၍ ရောဂါအလွယ်တကူ ပြန့်ပွားစေနိုင်သည်။ သွေးလွန်တုပ်ကွေးမှကာကွယ်ရန် သွေးလွန်တုပ်ကွေးခြင် အကိုက်မခံရအောင်နေထိုင်ခြင်းနှင့် ခြင်ပေါက်ဖွားမှု တားဆီးခြင်းတို့မှာ အရေးကြီးသည်။
ခြင်ကိုက်မခံရစေရန်
- အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ခြင်း
- အိပ်လျှင် ခြင်ထောင်ဖြင့် အိပ်ခြင်း (အထူးသဖြင့် ဆေးစိမ်ထားသောခြင်ထောင်များသုံးခြင်း)
- ပြတင်းပေါက်များ၊ လေဝင်ပေါက်များကို ခြင်လုံဇကာဖြင့် ကာကွယ်ခြင်း
- လူကို အန္တရာယ်မပေးသော ခြင်ဆေးများဖျန်းခြင်း၊ ခြင်ပြေးဆေး လိမ်းခြင်းများကို ပြုလုပ်နိုင်သည်။
သွေးလွန်တုပ်ကွေးခြင် ပေါက်ပွားမှုတားဆီးရန် ပိုးလောက်လန်းကာကွယ်ရေးသည် အရေးကြီးသည်။ ပိုးလောက်လန်းနှိမ်နင်းရန် နည်းလမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်သင့်သည်။
သွေးလွန်တုပ်ကွေးကာကွယ်ဆေး
သွေးလွန်တုပ်ကွေးကာကွယ်ဆေး Dengavaxia နှင့် Qdenga ဟူ၍ (၂)မျိုးရှိသည်။ အချို့သောနိုင်ငံများတွင် ထိုးနှံနိုင်ပြီဖြစ်သော်လည်း သက်ဆိုင်ရာဆေးများ၏ ကန့်သတ်ချက်များ၊ နောက်ဆက်တွဲအန္တရာယ်များနှင့် အာနိသင်များကို စောင့်ကြည့်စစ်ဆေးနေဆဲဖြစ်သည်။
References:
- World Health Organization: WHO & World Health Organization: WHO. (2024). Dengue and severe dengue. Retrieved June 13, 2024, from https://www.who.int/news-room/fact-sheets/detail/dengue-and-severe-dengue
- Dengue. (n.d.). Dengue. Retrieved June 13, 2024, from https://www.cdc.gov/dengue/index.html
- CDC-Dengue Clinical Case Management (DCCM)-Home. (n.d.). Retrieved June 13, 2024, from https://www.cdc.gov/dengue/training/cme/ccm
- Paediatric Management Guidelines, 3rd edition, 2018 © Myanmar Paediatric Society
- Malaysian Paediatric Association. Paediatric Protocols for Malaysian Hospital 4thedition, 2nd print, Aug, 2019
Published: 30 August 2024
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.