အသည်းကင်ဆာဆိုသည်မှာ ကြီးထွားမှုနှုန်းမြန်ဆန်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သည့် ကင်ဆာအမျိုးအစားဖြစ်သည်။ အသည်းတွင် စတင်ဖြစ်ပေါ်သောကင်ဆာ (primary liver cancer)နှင့် ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများမှ ကင်ဆာဆဲလ်များ အသည်းသို့ပျံ့နှံ့လာသော ကင်ဆာ (secondary or metastatic liver cancer)ဟူ၍ အဓိကအားဖြင့် (၂) မျိုးရှိသည်။ အသည်းကင်ဆာကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများကို ရှာဖွေ၍ တတ်နိုင်သမျှစောစီးစွာ ကုသမှုခံယူရန် အလွန်အရေးကြီးသည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
ပုံမှန်အသည်းဆဲလ်များတွင် ဗီဇပြောင်းလဲသွားသောအခါ အသည်းကင်ဆာရောဂါ ဖြစ်ပေါ်လာသည်။ ဗီဇပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်ထဲရှိ ဓာတုဖြစ်စဥ်များပြောင်းလဲပြီး ဆဲလ်များကြီးထွားမှုကို မထိန်းနိုင်တော့ဘဲ ကင်ဆာဆဲလ်များအဖြစ် လျင်မြန်စွာ ကြီးထွားလာကြသည်။ အသည်းခြောက်ရောဂါ (cirrhosis of liver) ရှိသောသူများတွင်လည်း အသည်းကင်ဆာဖြစ်နိုင်ခြေ မြင့်မားသည်။ အသည်းခြောက်ရောဂါ ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ_
- အရက်အလွန်အကျွံသောက်ခြင်း
- နာတာရှည် အသည်းရောင် အသားဝါ ဘီ ပိုး၊ စီ ပိုး ရှိသူများ
- အဝလွန်သူများနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ ရှိသူများတွင် အဖြစ်များသော အသည်းအဆီဖုံးရောဂါ
- သွေးထဲတွင် သံဓာတ်အလွန်မြင့်မားသောကြောင့် အသည်းတွင်စုပုံလာပြီး အသည်းခြောက်ခြင်း တို့ဖြစ်သည်။
ထို့အပြင် အသည်းကင်ဆာရောဂါ ဖြစ်နိုင်ခြေများစေသော အခြားအချက်များမှာ_
- အမျိုးသားဖြစ်ခြင်း
- ဆေးလိပ်သောက်ခြင်း
- မိသားစုမျိုးရိုးတွင် အသည်းကင်ဆာရောဂါရှိခြင်း
- ကောင်းစွာ သိမ်းဆည်းထားခြင်းမရှိသော မှိုတက်နေသည့် အစားအသောက်များ စားသုံးခြင်း
- အချို့သော ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့ကြောင့်လည်း အသည်းကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်သည်။
အသည်းကင်ဆာ အမျိုးအစားများသည် အဓိကအားဖြင့် (၂) မျိုးရှိသည်။
- အသည်းတွင် စတင်ဖြစ်ပေါ်သောကင်ဆာ (Primary liver cancer)
ဤကင်ဆာအမျိုးအစားများအနက် အသည်းဆဲလ်များ (hepatocytes)တွင် စတင်ဖြစ်ပေါ်သော ကင်ဆာ (hepatocellular carcinoma)သည် အဖြစ်အများဆုံးဖြစ်သည်။ အသည်းတွင် စတင်ဖြစ်ပေါ်သော အခြားကင်ဆာအမျိုးအစားများမှာ_- သည်းခြေပြွန်ရှိ ဆဲလ်များတွင် စတင်ဖြစ်ပေါ်သော သည်းခြေပြွန်ကင်ဆာ (bile duct cancer or cholangiocarcinoma)
- ရှားရှားပါးပါးဖြစ်တတ်သော အသည်း၏သွေးကြောများတွင် စတင်ဖြစ်ပေါ်သည့် ကင်ဆာ (angiosarcoma) (အသက် (၇၀) နှင့်အထက် သက်ကြီးရွယ်အိုများတွင် ဖြစ်ပေါ်လေ့ရှိသည်)
- ကလေးငယ်များတွင် ဖြစ်ပေါ်တတ်သော ရှားပါးသည့်ကင်ဆာ (hepatoblastoma) တို့ဖြစ်ကြသည်။
အသည်းကင်ဆာရောဂါကို စောစီးစွာ ထိရောက်သော ကုသမှုမခံယူလျှင် ခန္ဓာကိုယ်၏ အခြားသော အင်္ဂါအစိတ်အပိုင်းများသို့ လျှင်မြန်စွာ ပျံ့နှံ့သွားနိုင်သည်။
- ခန္ဓာကိုယ်၏ အခြားသောအင်္ဂါအစိတ်အပိုင်းများမှ အသည်းသို့ပျံ့နှံ့လာသောကင်ဆာ (Secondary or metastatic liver cancer)
ခန္ဓာကိုယ်၏ အခြားသောအင်္ဂါအစိတ်အပိုင်းများဖြစ်သည့် အူမကြီး၊ ရင်သား၊ သားဥအိမ်၊ ကျောက်ကပ်၊ အစာမျိုပြွန်၊ အစာအိမ်၊ အဆုတ်နှင့် အရေပြား အစရှိသော နေရာများတွင် ဖြစ်ပေါ်သော ကင်ဆာများမှတစ်ဆင့် အသည်းသို့ ပျံ့နှံ့ရောက်ရှိလာသော ကင်ဆာဖြစ်သည်။ ၎င်းကင်ဆာအမျိုးအစားသည် အသည်းတစ်ရှူးများမှဖြစ်သည့် ကင်ဆာထက် ပိုမိုအဖြစ်များသည်။
ရောဂါ လက္ခဏာများ
အသည်းတွင် စတင်ဖြစ်ပေါ်သော ကင်ဆာရောဂါအများစုသည် အစောပိုင်းတွင် ရောဂါလက္ခဏာ ပြလေ့မရှိပါ။ ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်ခြင်း သို့မဟုတ် အလုံးပေါ်လာခြင်း
- ပျို့အန်ခြင်း
- နုံးနယ်ခြင်း
- ရေဖျဥ်းစွဲခြင်း
- အရေပြားနှင့်မျက်လုံး ဝါခြင်း
- ဆီးအရောင်ရင့်ခြင်း
- ဝမ်းအဖြူရောင်သွားခြင်း တို့ဖြစ်ကြသည်။
အသည်းတွင် စတင်ဖြစ်ပေါ်သောကင်ဆာကို အဆင့်သတ်မှတ်ရာတွင် ကင်ဆာအလုံးအကျိတ်၏ အရွယ်အစား၊ အရေအတွက်နှင့် သွေးကြောများ၊ ပြန်ရည်ကျိတ်များ၊ အခြားသောကိုယ်တွင်းအင်္ဂါများသို့ ပျံ့နှံ့မှုပေါ်တွင်မူတည်၍ အစောပိုင်းအဆင့် (Early stage)၊ အလယ်အလတ်အဆင့် (Intermediate stage)၊ နောက်ကျသောအဆင့် (advanced stage)နှင့် နောက်ဆုံးအဆင့် (end stage) ဟူ၍ အဆင့်များ ခွဲခြားထားပါသည်။ ထိုအဆင့်များပေါ် မူတည်၍ ရောဂါကုသမှုနည်းလမ်းများ ကွာခြားသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြထားသော အသည်းကင်ဆာ၏ ရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင် သို့မဟုတ် သံသယရှိလျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ရောဂါရှာဖွေကုသရန် လိုအပ်သည်။ ထို့အပြင် အသည်းအထူးကုဆရာဝန်များနှင့် တိုင်ပင်၍ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ကာ ထိရောက်သော ကုသမှုကို စောစီးစွာခံယူရန် အလွန်အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
အသည်းကင်ဆာရောဂါကိုရှာဖွေရန် ရောဂါရာဇဝင်များကို မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် သွေးစစ်ဆေးခြင်း (ဥပမာ_အသည်းလုပ်ငန်းစစ်ဆေးခြင်း၊ အသည်းကင်ဆာရောဂါပြဓာတ်ပစ္စည်း (AFP)၊ အသည်းရောင်အသားဝါ ဘီ ပိုး၊ စီ ပိုး စစ်ဆေးခြင်း) တို့ကို ပထမဦးစွာပြုလုပ်ရန် လိုအပ်သည်။ ထို့အပြင် အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ သွေးကြောများကို ကွန်ပြူတာဓာတ်မှန်ဖြင့် ကြည့်ခြင်း၊ အသည်းတစ်ရှူးကို အသားစယူစစ်ဆေးခြင်းတို့ကို လိုအပ်လျှင် ဆက်လက်ပြုလုပ်နိုင်သည်။ အကယ်၍ သည်းခြေပြွန်တွင် ဖြစ်သောကင်ဆာဟု သံသယရှိပါက သည်းခြေပြွန်ကို မှန်ပြောင်းကြည့်စစ်ဆေးခြင်း ပြုလုပ်နိုင်သည်။
ကုသခြင်း
အသည်းကင်ဆာရောဂါကို ကုသရာတွင် လူနာ၏ အသက်အရွယ်၊ ကင်ဆာရောဂါအဆင့်၊ အခြေခံ ကျန်းမာရေးအခြေအနေနှင့် လူနာ၏ရွေးချယ်မှုတို့အပေါ် မူတည်၍ အောက်ပါကုသမှုများ ပြုလုပ်နိုင်သည်။
- ခွဲစိတ်ကုသခြင်းဖြင့် ကင်ဆာအကျိတ်ကို ဖယ်ရှားခြင်း (surgery to remove the tumour)
- အသည်းအစားထိုးကုသခြင်း (liver transplant surgery)
- အပူလှိုင်းကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်း (Radiofrequency ablation) သို့မဟုတ် ပြင်းထန်သော အအေးဓာတ်ကိုအသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်း (Cryoablation)
- အသည်းထဲသို့ ကင်ဆာဆေး တိုက်ရိုက်သွင်း၍ ကုသခြင်း (Chemoembolization)
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy)
- ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted drug therapy)
- ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
- ကင်ဆာဆေး ထိုးဆေး (သို့မဟုတ်) သောက်ဆေးဖြင့် ကုသခြင်း (Chemotherapy)
- နာကျင်မှုအပါအဝင် ခံစားနေရသောဝေဒနာများ ညင်သာစေရန် ဘက်စုံပြုစုကုသမှု (Supportive palliative care)
ထို့အပြင် အသည်းကင်ဆာဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းများရှိပါက ကုသပေးရန် လိုအပ်သည် (ဥပမာ_အသည်းရောင် အသားဝါ ဘီ ပိုး၊ စီ ပိုး ကုသခြင်း)။
ကာကွယ်ခြင်း
အသည်းကင်ဆာ မဖြစ်အောင် အပြည့်အဝကာကွယ်နိုင်သော နည်းလမ်းမရှိသော်လည်း အောက်ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် အသည်းကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေသည်။
- အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးထိုးခြင်း
- ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန် အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း
- ဆေးထိုးအပ်များကို တစ်ခါသုံးအပ်များဖြင့်သာ အသုံးပြုခြင်း၊ မျှဝေမသုံးစွဲခြင်း
- အရက်လျှော့သောက်ခြင်း သို့မဟုတ် လုံးဝဖြတ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း စသည်တို့ကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် အသည်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။
References:
- Liver cancer – Symptoms and causes. (n.d.). Mayo Clinic. Retrieved August 10, 2024, from https://www.mayoclinic.org/diseases-conditions/liver-cancer/symptoms-causes/syc-20353659
- Understanding Liver Cancer — the Basics. (2024). WebMD. Retrieved August 10, 2024, from https://www.webmd.com/cancer/understanding-liver-cancer-basic-information
- Healthdirect Australia. (2024). Liver cancer. Symptoms, Causes, Diagnosis and Treatments | Healthdirect. Retrieved August 10, 2024, from https://www.healthdirect.gov.au/liver-cancer
- Liver cancer – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved August 10, 2024, from https://www.mayoclinic.org/diseases-conditions/liver-cancer/diagnosis-treatment/drc-20353664
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.