အသည်းရောင်အသားဝါ ဘီ ရောဂါသည် အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွါးသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ လူအများစုတွင် ရောဂါပိုးကူးစက်ခံရပါက ရောဂါလက္ခဏာ အနည်းငယ်သာ ဖြစ်ပေါ် ပြီးနောက် ကိုယ်ခံအားစနစ်မှ ထိုဗိုင်းရပ်စ်ပိုးကို နိုင်အောင် တိုက်ခိုက်နိုင်သည့်အခါ ရောဂါအလိုအလျောက် ပြန်လည်ပျောက်ကင်းနိုင်သည်။ ထိုဗိုင်းရပ်စ်ပိုးကို ဆန့်ကျင်နိုင်သော ကိုယ်ခံစွမ်းအားများလည်း ရရှိပြီး ဘဝတစ်လျှောက်လုံး အသည်းရောင်အသားဝါ ဘီ ရောဂါ ပြန်လည်မဖြစ်နိုင်တော့ပါ။ သို့သော် အချို့တွင်မူ ရောဂါအလိုအလျောက် မပျောက်ကင်းဘဲ နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါအဆင့်သို့ ရောက်ရှိသွားပြီး အသည်းခြောက်ခြင်း၊ အသည်းလုပ်ငန်းများပျက်စီးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့အထိ ရောဂါပြင်းထန်နိုင်သည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုးကြောင့် အဓိကဖြစ်ပွါးသည်။ ထိုဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်မှ ထွက်သော အရည်များ၊ သွေး၊ သုက်ရည် စသည်တို့ကို ထိတွေ့မိခြင်းမှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်သည်။ လေထဲမှတစ်ဆင့် မကူးစက်နိုင်ပါ။ ကူးစက်နိုင်သော နည်းလမ်းများမှာ –
- လိင်ဆက်ဆံခြင်း (Sexual contact)
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
- သွေး၊ တံတွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ အရည်များနှင့် ထိတွေ့မိခြင်း
- ရောဂါရှိသူ၏ သွေး (သို့မဟုတ်) အနာများကို တိုက်ရိုက်ထိတွေ့မိခြင်း (Direct contact)
- ဆေးထိုးအပ်များနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ မျှဝေသုံးစွဲခြင်း (Sharing of needles)
- ရောဂါပိုးရှိသောသူ အသုံးပြုထားသော ဆေးထိုးအပ်ကို ပြန်လည်အသုံးပြုခြင်း (အထူးသဖြင့် မူးယစ်ဆေးဝါးအသုံးပြုသူများ)
- သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓားများ မျှဝေသုံးစွဲခြင်း
- ဆေးပစ္စည်းများ မျှဝေသုံးစွဲခြင်း (ဥပမာ – ဆီးချိုဖောက်သည့် အပ်)
- လူနာ၏သွေးနှင့် ထိတွေ့ထားသည့် ချွန်ထက်သောအရာများ (ဥပမာ_ ဆေးထိုးအပ်များ)နှင့် မတော်တဆစူးမိခြင်း (Accidental sharp sticks)
- အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများတွင် အဖြစ်များလေ့ရှိသည်
- ရောဂါပိုးရှိသော ပစ္စည်းကိရိယာများဖြင့် တက်တူးထိုးခြင်း သို့မဟုတ် ခန္ဓာကိုယ်တွင် အပေါက်ဖောက်ခြင်း
- မိခင်မှကလေးသို့ ကူးစက်ခြင်း
- ကိုယ်ဝန်ဆောင်နေစဉ် မိခင်တွင် ရောဂါပိုးရှိပါက ကလေးမွေးဖွားချိန်တွင် ကလေးသို့ ရောဂါကူးစက်နိုင်သည်၊ သို့သော် ကလေးကို မွေးဖွားပြီးချိန်တွင် ရောဂါကာကွယ်ဆေး ထိုးနှံခြင်းဖြင့် အသည်းရောင်အသားဝါ ဘီ ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သည်
- သွေးသွင်းခြင်း
- ရောဂါပိုးရှိသူ၏သွေးကို သွင်းခြင်းမှ ရောဂါပိုးကူးစက်နိုင်သည်
အသည်းရောင်အသားဝါ ဘီ ရောဂါတွင် လတ်တလော အသည်းရောင်အသားဝါ ဘီ ရောဂါ (Acute hepatitis B)နှင့် နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါ (Chronic hepatitis B) ဟူ၍ နှစ်မျိုးခွဲခြားထားသည်။
- လတ်တလော အသည်းရောင်အသားဝါ ဘီ ရောဂါ (Acute hepatitis B)
- အများအားဖြင့် မိမိ၏ ကိုယ်ခံအားစနစ်မှ ဗိုင်းရပ်စ်ပိုးကို နိုင်အောင် တိုက်ခိုက်နိုင်သောကြောင့် (၆)လအတွင်း ရောဂါပျောက်ကင်းနိုင်သည်
- တချို့သူများတွင် လတ်တလော အသည်းရောင်အသားဝါ ဘီ ရောဂါ (Acute hepatitis B) မှတစ်ဆင့် နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါ (Chronic hepatitis B) သို့ ကူးပြောင်းသွားနိုင်သည်။
- နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါ (Chronic hepatitis B)
- မိမိ၏ ကိုယ်ခံအားစနစ်မှ ဗိုင်းရပ်စ်ပိုးကို နိုင်အောင် မတိုက်ခိုက်နိုင်သောကြောင့် (၆)လ (သို့မဟုတ်) (၆)လနှင့်အထက် ကြာအောင် ရောဂါပိုးရှိနေခြင်း ဖြစ်သည်
- ဘဝတစ်လျှောက်လုံး ခန္ဓာကိုယ်ထဲတွင် ရောဂါပိုး ရှိနေနိုင်သဖြင့် အသည်းခြောက်ခြင်း၊ အသည်းအလုပ်မလုပ်တော့ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း စသည်တို့အထိ ရောဂါပြင်းထန်နိုင်သည်။
ရောဂါလက္ခဏာများ
အသည်းရောင်အသားဝါ ဘီ ရောဂါသည် ရိုးရိုးသာမန် ရောဂါလက္ခဏာများမှသည် ပြင်းထန်သည့် ရောဂါလက္ခဏာများအထိ ဖြစ်ပေါ်နိုင်သည်။ လတ်တလော အသည်းရောင်အသားဝါ ဘီ ရောဂါ (Acute hepatitis B)သည် ပုံမှန်အားဖြင့် ရောဂါပိုးကူးစက်ခံရပြီး (၁)လ မှ (၄)လ အတွင်း ရောဂါလက္ခဏာများ ခံစားရတတ်သည်။ တစ်ခါတစ်ရံ (၂)ပတ်အတွင်း ရောဂါလက္ခဏာများ ခံစားရတတ်သည်။ အဖြစ်များသည့် ရောဂါလက္ခဏာများမှာ –
- မျက်လုံးနှင့် အရေပြား ဝါခြင်း
- ဆီးအရောင်ရင့်ခြင်း (ရေနွေးကြမ်းအရောင်)
- ဗိုက်အောင့်ခြင်း
- ကိုယ်ပူခြင်း
- အဆစ်အမြစ်ကိုက်ခဲခြင်း
- အစာစားချင်စိတ် မရှိခြင်း
- ပျို့အန်ခြင်း
- အားအင်ကုန်ခန်းခြင်း
စသည်တို့ ခံစားရနိုင်သည်။ ထိုရောဂါလက္ခဏာများသည် (၆)ပတ် မှ (၆)လ အထိခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- လတ်တလောအသည်းလုပ်ငန်းပျက်စီးခြင်း (Acute liver failure)
- နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါ (Chronic hepatitis B) သို့ ကူးပြောင်းပြီး အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများလည်း ဆက်လက်ဖြစ်ပေါ်နိုင်သည်။
- အသည်းခြောက်ခြင်း (Cirrhosis)
- အသည်းကင်ဆာ ဖြစ်ခြင်း (Liver cancer)
- အသည်းလုပ်ငန်း ပျက်စီးခြင်း (Liver failure)
- အသည်းရောင်အသားဝါ ဘီ ရောဂါပိုး ပြန်ထကြွလာခြင်း (Reactivation of the hepatitis B virus) (အထူးသဖြင့် ကိုယ်ခံအားကျဆင်းစေသည့် ဆေးဝါးများ သောက်သုံးနေရသူများတွင် တွေ့ရတတ်သည်)
- အသည်းရောင်အသားဝါ ဒီ ရောဂါပိုး (Hepatitis D) ကူးစက်နိုင်ခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက သို့မဟုတ် ရောဂါပိုးကူးစက်နိုင်သည့် အခြေအနေများရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ သွေးစစ်ခြင်းတို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပါလိမ့်မည်။
ရောဂါရှာဖွေခြင်း
အသည်းရောင်အသားဝါ ဘီ ရောဂါကို သွေးစစ်၍ အလွယ်တကူသိရှိနိုင်သည်။ ရောဂါရှာဖွေရန် လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်း (အထူးသဖြင့် ရောဂါပိုးကူးစက်နိုင်သည့် အခြေအနေများကို မေးမြန်းခြင်း၊ မိသားစုထဲတွင် အသည်းရောဂါရှိမရှိ မေးမြန်းခြင်း)၊ လူနာကို စမ်းသပ်ခြင်းတို့ကို ဦးစွာပြုလုပ်ပေးလိမ့်မည်။ ထို့နောက် သွေးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း တို့ဖြင့် ရောဂါရှာဖွေနိုင်သည်။ အသည်းလုပ်ငန်းများ ပုံမှန်လုပ်ဆောင်နေခြင်းရှိမရှိကို သွေးစစ်ဆေး၍ သိရှိနိုင်သည်။
ကုသခြင်း
- လတ်တလော အသည်းရောင်အသားဝါ ဘီ ရောဂါကို ကုသခြင်း (Acute hepatitis B)
လတ်တလော အသည်းရောင်အသားဝါ ဘီ ရောဂါ (Acute hepatitis B)သည် အလိုအလျောက် ပြန်လည်ပျောက်ကင်းနိုင်သောကြောင့် အများစုတွင် သီးခြားကုသမှု ခံယူရန် မလိုအပ်ပါ။ မိမိ၏ ကိုယ်ခံအားစနစ်ကောင်းမွန်စေရန် ကောင်းစွာအနားယူခြင်း၊ အစာအာဟာရ လုံလောက်အောင် စားသုံးခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်းနှင့် ရောဂါအခြေအနေကို စောင့်ကြည့်ခြင်းတို့ဖြင့် ကုသနိုင်သည်။ ပြင်းထန်သော ရောဂါလက္ခဏာများခံစားရပါက လိုအပ်လျှင် ဗိုင်းရပ်စ်ပိုးသတ်ဆေးများပေးခြင်း သို့မဟုတ် ဆေးရုံတက်၍ ကုသမှုခံယူခြင်းများ ပြုလုပ်ရနိုင်သည်။ - နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါကုသခြင်း (Chronic hepatitis B)
နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါဖြစ်ပါက ဘဝတစ်လျှောက်လုံး ဆေးကုသမှုကို သေချာစွာ ခံယူရန်လိုအပ်သည်။ မိမိ၏ အသည်းအခြေအနေနှင့် ဖြစ်နိုင်ခြေများပေါ် မူတည်၍ ကုသမှုခံယူရပါမည်။ ရောဂါကုသခြင်းဖြင့် အသည်းထိခိုက်ပျက်စီးနိုင်ခြေကို လျှော့ချပေးနိုင်ပြီး တခြားသူများသို့ ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါကို ကုသရာတွင် –- Entecavir, Tenofovir, Lamivudine စသည့် ဗိုင်းရပ်စ် ပိုးသတ်ဆေးများပေးခြင်း
- Interferon ထိုးဆေးထိုးခြင်း
- လိုအပ်ပါက အသည်းအစားထိုးခြင်း (Liver transplant) စသည့် ကုထုံးများကို ဆရာဝန်ညွှန်ကြားချက်နှင့် အညီလိုက်နာရပါမည်။
ကာကွယ်ခြင်း
ကာကွယ်ဆေးထိုးခြင်းသည် အကောင်းဆုံး ကာကွယ်ခြင်းဖြစ်သည်။ အသည်းရောင်အသားဝါ ဘီ ရောဂါ ကာကွယ်ဆေးသည် ထိုးသည့် ကာကွယ်ဆေး အမျိုးအစားပေါ်မူတည်၍ တစ်လစီခြား၍ (၂)ကြိမ် (သို့မဟုတ်) ခြောက်လအတွင်း (၃)ကြိမ် သို့မဟုတ် (၄)ကြိမ် ထိုးနှံရနိုင်သည်။ မွေးကင်းစကလေးများတွင် ပထမဆုံးအကြိမ် စတင်ထိုးရန်လိုအပ်ပြီး အကယ်၍ ကလေးဘဝတွင် ကာကွယ်ဆေးမထိုးဖြစ်ခဲ့လျှင် အသက် (၆၀)နှစ်အထိ လူတိုင်း ကာကွယ်ဆေး ထိုးထားရန် လိုအပ်သည်။ အသက် (၆၀)နှစ်နှင့် အထက်တွင် ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးပါက အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့နိုင်ခြေများသူများတွင် ကာကွယ်ဆေး ထိုးထားသင့်သည်။
အသည်းရောင်အသားဝါ ဘီ ရောဂါကာကွယ်ဆေးကို အဓိကထိုးနှံထားသင့်သူများမှာ
- မွေးကင်းစ ကလေးများ
- ကလေးမွေးချိန်တွင် ကာကွယ်ဆေးမထိုးနှံထားသည့် ကလေးနှင့်လူငယ်များ
- အသည်းရောင်အသားဝါ ဘီ ရောဂါရှိသူနှင့် အတူနေထိုင်ရမည့်သူများ
- ကျန်းမာရေးဝန်ထမ်းများ
- အိတ်ချ်အိုင်ဗွီ (HIV) ရောဂါရှိသူများ
- လိင်တူချင်း လိင်ဆက်ဆံသူများ
- လိင်ဆက်ဆံဖော်များသူများ
- မိမိ၏ လိင်ဆက်ဆံမည့်အဖော်တွင် အသည်းရောင်အသားဝါ ဘီ ရောဂါရှိသူများ
- မူးယစ်ဆေးဝါးသုံးစွဲသူများ
- နာတာရှည်ကျောက်ကပ်ရောဂါရှိသူများ
- ကျောက်ကပ်ဆေးနေရသည့်သူများ
- ခရီးမကြာခဏသွားနေသူများ တို့ဖြစ်ကြသည်။
အောက်ပါနည်းလမ်းများကို လုပ်ဆောင်ခြင်းဖြင့်လည်း အသည်းရောင်အသားဝါ ဘီ ရောဂါ ဖြစ်ခြင်းမှ လျှော့ချနိုင်သည်။
- မိမိ၏ လိင်ဆက်ဆံမည့်အဖော်တွင် အသည်းရောင်အသားဝါ ဘီ ရောဂါရှိမရှိ စစ်ဆေးခြင်း
- လိင်ဆက်ဆံသည့်အခါ အကာအကွယ် (ကွန်ဒုံး) အသုံးပြုခြင်း
- သွားတိုက်တံနှင့် မုတ်ဆိတ်ရိတ်ဓား အစရှိသည်တို့ကို တစ်ီဥးနှင့်တစ်ီဥး အတူတူမျှဝေသုံးစွဲမှု မပြုလုပ်ခြင်း
- မူးယစ်ဆေးဝါးမသုံးစွဲခြင်း
- တက်တူးထိုးခြင်း၊ နားဖောက်ခြင်း တို့တွင် အထူးဂရုစိုက်ခြင်း
အသည်းရောင်အသားဝါ ဘီပိုး ကူးစက်နိုင်ခြေများသည့်သူများ (အထူးသဖြင့် ကျန်းမာရေး ဝန်ထမ်းများ)သည် အသည်းရောင်အသားဝါ ဘီပိုး ကူးစက်နိုင်သည့် အခြေအနေများ (ဥပမာ – လူနာ၏သွေးနှင့် ထိတွေ့မိခြင်း၊ လူနာအသုံးပြုထားသည့် ဆေးထိုးအပ်ထိုးမိခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း) ဖြစ်ပေါ်ပါက အသည်းရောင်အသားဝါ ဘီ ရောဂါ ကာကွယ်ဆေး မထိုးထားသူများတွင် HBIG ဟုခေါ်သော အင်မြူနိုဂလိုဗျူလင် (Immunoglobulin)ကို ရောဂါပိုးနှင့်ထိတွေ့ပြီး (၂၄)နာရီအတွင်း ထိုးနှံခြင်းနှင့်အတူ အသည်းရောင်အသားဝါ ဘီ ရောဂါ ကာကွယ်ဆေးကိုပါ ထိုးနှံခြင်းဖြင့် ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။ သို့သော် အသည်းရောင်အသားဝါ ဘီရောဂါ ကာကွယ်ဆေးထိုးထားပြီး ရောဂါပိုး ကာကွယ်နိုင်သည့် ခုခံအား ပဋိပစ္စည်း (antibody) ရှိသူများ (Vaccinated person with anti-HBs >10mlU/ml)တွင် အထက်ပါဆေးများ မလိုအပ်ပါ။
References:
- Hepatitis B – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 30, 2024, from https://www.mayoclinic.org/diseases-conditions/hepatitis-b/symptoms-causes/syc-20366802
- Hepatitis B – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved July 30, 2024, from https://www.mayoclinic.org/diseases-conditions/hepatitis-b/diagnosis-treatment/drc-20366821
- Responding to HBV Exposures in Health Care Settings. (2024). Hepatitis B. Retrieved July 30, 2024, from https://www.cdc.gov/hepatitis-b/hcp/infection-control/index.html
- Hepatitis B Basics. (2024). Hepatitis B. Retrieved July 30, 2024, from https://www.cdc.gov/hepatitis-b/about/index.html
- King, L. M., PhD. (2024). Hepatitis B. WebMD. Retrieved July 30, 2024, from https://www.webmd.com/hepatitis/digestive-diseases-hepatitis-b
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.