Cholera (ကာလဝမ်းရောဂါ)

Cholera (ကာလဝမ်းရောဂါ)

ကာလဝမ်းရောဂါသည် ဘက်တီးရီးယားကြောင့်ဖြစ်သော အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ကုသရာတွင် လွယ်ကူသော်လည်း မကုသလျှင် အသက်ဆုံးရှုံးနိုင်သည်အထိ ပြင်းထန်သောရောဂါဖြစ်သည်။ ကူးစက်မှုနှုန်း အလွန်မြန်သောကြောင့် ကာလဝမ်းရောဂါဟုသိရှိလျှင် အချိန်မီကာကွယ်ခြင်းများ ပြုလုပ်နိုင်ရေးအတွက် ကျန်းမာရေးဌာနများသို့ အကြောင်းကြားရမည်ဖြစ်သည်။

‌ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကာလဝမ်းရောဂါသည် ကာလဝမ်းဘက်တီးရီးယားပိုး (Vibrio cholerae)ကြောင့်ဖြစ်ပြီး မသန့်ရှင်းသည့် သောက်သုံးရေနှင့် အစားအသောက်များမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ ပိုးကူးစက်ခံရသည့်လူတိုင်းတွင် ကာလဝမ်းရောဂါလက္ခဏာများ မပြသော်လည်း ထိုသူသည် ရောဂါပိုးသယ်ဆောင်ပျံ့နှံ့စေသူဖြစ်နေနိုင်သည်။ ကာလဝမ်းရောဂါပိုးသည် အူလမ်းကြောင်းအတွင်းသို့ အဆိပ် (toxin)တစ်မျိုးကို ထုတ်လွှတ်သည်။ အဆိုပါအဆိပ်သည် အူနံရံရှိဆဲလ်များ၏လုပ်ငန်းကို ပျက်စီးစေကာ ရေဓာတ်မစုပ်ယူနိုင်ခြင်း၊ ခန္ဓာကိုယ်အတွင်းပိုင်းမှရေကို အူလမ်းကြောင်းအတွင်းသို့ ပြန်လည်စိမ့်ထွက်ခြင်းတို့ကြောင့် ပြင်းထန်သည့် ဝမ်းလျှောခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်းများဖြစ်စေသည်။

ရောဂါလက္ခဏာများ

ရောဂါပိုးဝင်ပြီး (၂)နာရီ မှ (၅)ရက်အတွင်း အလွန်အမင်း ဝမ်း‌လျှောခြင်းနှင့် ‌ပျို့အန်ခြင်းတို့ ခံစားရနိုင်သည်။ ကာလဝမ်းရောဂါ ကူးစက်ခံထားရသည့် လူနာအများစုတွင်မူ ရောဂါလက္ခဏာ မပြတတ်ပါ။ တချို့မှာ ရောဂါလက္ခဏာအနည်းငယ်သာ ခံစားရတတ်သည်။ ကာလဝမ်းရောဂါပိုး ကူးစက်ခံရသည့် လူနာ (၁၀) ရာခိုင်နှုန်းတွင် ပြင်းထန်သောလက္ခဏာများဖြစ်ပေါ် ပြီး အချိန်မီကုသမှုမခံယူလျှင် အသက်အန္တရာယ်ရှိသည်။ တွေ့ရှိရသောလက္ခဏာများမှာ_

  1. ပြင်းထန်စွာ ဝမ်းလျှောခြင်း (ဝမ်း၏အရောင်သည် ဆန်ဆေးရေကဲ့သို့ ဖြူဖျော့ပြီး အရေကျဲဖြစ်သည်၊ ဝမ်းသွားသည့် အကြိမ်အရေအတွက်နှင့်ပမာဏလည်း များသည်)
  2. ပျို့အန်ခြင်း
  3. ရေဓာတ်ဆုံးရှုံးခြင်း
  4. ရေအလွန်ဆာခြင်း
  5. ခြေထောက်ကြွက်သားများ နာကျင်ခြင်း
  6. ဂနာမငြိမ်ဖြစ်ခြင်း
  7. ဆီးနည်းခြင်း စသည်တို့ ခံစားရနိုင်သည်။
Cholera img1
နောက်ဆက်တွဲပြဿနာများ

ကာလဝမ်းရောဂါကို သေချာကုသမှုမခံယူပါက သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း၊ သွေးတွင်း ပိုတက်စီယမ်ဓာတ် နည်းပါးခြင်းတို့ ဖြစ်နိုင်သည်။ ရေဓာတ်အလွန်ခန်းခြောက်ခြင်းကြောင့် သွေးပေါင်ချိန်ကျခြင်း၊ ရှော့ခ် (shock) ရခြင်း၊ ကျောက်ကပ်လုပ်ငန်းများ ရုတ်တရက်ပျက်စီးခြင်းတို့ဖြစ်ပြီး အသက်ဆုံးရှုံးနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသခြင်း

ကာလဝမ်းရောဂါ လက္ခဏာများကို သတိပြုမိပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

ကာလဝမ်းရောဂါသည် အခြားသောပုံမှန်ဝမ်းလျှောခြင်းနှင့် အလွန်တူသောကြောင့် ခွဲခြားနိုင်ရန် ခက်ခဲသည်။ ထိုကြောင့် လူနာ၏ရောဂါရာဇဝင်‌ကို သေချာစွာမေးမြန်းခြင်း၊ လူနာအားစမ်းသပ်စစ်ဆေးခြင်းနှင့် ဓာတ်ခွဲခန်းတွင် ဝမ်းပိုးမွေးခြင်းတို့ကိုပြုလုပ်နိုင်သည်။ Rapid Diagnostic Test ဟုခေါ်သည့် ကာလဝမ်းရောဂါပိုး အမြန်‌စစ်ကိရိယာဖြင့် ရောဂါပိုးကို နာရီဝက်အတွင်း ရှာဖွေနိုင်သည်။

ကုသခြင်း

ရှေးဦးကုသခြင်း
ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းရန်မှာ အရေးအကြီးဆုံးဖြစ်သည်။ ဓာတ်ဆားရည် (အလွယ်တကူ မရရှိနိုင်ပါက အုန်းရေ၊ ထမင်းရည်၊ အသားပြုတ်ရည်၊ သစ်သီးဖျော်ရည်) တိုက်ရမည်။ လူနာကို အစာ၊ ရေဖြတ်ခြင်း မပြုလုပ်ရ။
ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းသည် ပထမဦးစားပေး အရေးကြီးဆုံးဖြစ်သည်။ ရေဓာတ်ခန်းခြောက်ခြင်း ပြင်းထန်မှုမရှိလျှင် ဓာတ်ဆားရည်ကို လိုသလောက် သောက်သုံးခြင်းဖြင့် ပြန်လည်ဖြည့်တင်းနိုင်သည်။ ရေဓာတ်ခန်းခြောက်ခြင်း ပြင်းထန်လျှင်မူ သွေးကြောမှတစ်ဆင့် ဆေးရည် (Normal Saline, Ringer’s lactate စသည်တို့) သွင်းရန်လိုအပ်သည်။ သွေးပေါင်ချိန်ကျခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်း၊ ဆီးထွက်နည်းခြင်းများရှိလျှင် အရေးပေါ်အခြေအနေဖြစ်သောကြောင့် ဆေးရုံတင်ကုသမှု ခံယူရမည်ဖြစ်သည်။ သင့်တော်သည့် ပဋိဇီဝပိုးသတ်ဆေးကို ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သောက်သုံးရမည်။ ဇင့်ဓာတ် (Zinc) သောက်သုံးခြင်းသည် ကလေးငယ်များတွင် ကာလဝမ်းရောဂါလက္ခဏာများကို ပိုမိုသက်သာပျောက်ကင်းနိုင်သည်။

ကာကွယ်ခြင်း

ကာလဝမ်းရောဂါသည် အစားအသောက်မှတစ်ဆင့် ကူးစက်သောရောဂါ ဖြစ်သည့်အတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးသည် အရေးကြီးဆုံးဖြစ်သည်။ ကာလဝမ်းရောဂါကာကွယ်ရန် အခြေခံအချက် (၅) ချက်ရှိသည်။

  1. သန့်ရှင်းသောရေကို သောက်သုံးခြင်း
  2. လက်ကို ဆပ်ပြာနှင့် မကြာခဏသေချာဆေးကြောခြင်း
  3. ယင်လုံအိမ်သာ အသုံးပြုခြင်း
  4. အစားအစာများကို သေချာချက်ပြုတ်စားသုံးခြင်း
  5. မီးဖိုချောင်နှင့် အိမ်သာဝန်းကျင်ကို သေချာစွာ သန့်ရှင်းရေးပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။

ကာလဝမ်းရောဂါ ဖြစ်ပွားမှုနှုန်းများသည့် ဒေသများတွင် ကာလဝမ်းရောဂါကာကွယ်ဆေး သောက်ဆေးကို အသုံးပြု၍ ကာကွယ်နိုင်သည်။ ကာကွယ်ဆေးသည် ရာနှုန်းပြည့်ကာကွယ်နိုင်စွမ်း မရှိနိုင်သဖြင့် အထက်တွင်ဖေါ်ပြထားသည့် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာရန်လိုသည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.