Attention deficit hyperactivity disorder – ADHD (အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲသော ကလေးများ)

Attention deficit hyperactivity disorder – ADHD (အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲသော ကလေးများ)

အေဒီအိတ်ချ်ဒီ (ADHD) ဆိုသည်မှာ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် အမူအကျင့်ပိုင်းဆိုင်ရာ ပုံမမှန်ခြင်း တစ်မျိုးဖြစ်ပြီး အာရုံစူးစိုက်မှုနည်းခြင်း၊ မိမိကိုယ်မိမိ မထိန်းချုပ်နိုင်ခြင်းနှင့် တက်ကြွမှုလွန်ကဲခြင်းစသော လက္ခဏာများ တွေ့ရှိရတတ်သည်။ ပုံမှန်အားဖြင့် ကလေးအများစုသည် အာရုံစူးစိုက်နိုင်ရန်၊ လမ်းညွှန်ချက်များကို နားထောင်လိုက်နာရန်၊ မိမိအလှည့်ကို စောင့်ရန်စသော အမူအကျင့်များလုပ်ရန် အမြဲမလွယ်ကူလှပါ။ ကလေးများအတွက် ဆော့ကစားခြင်းသည်လည်း ပုံမှန်ဖြစ်သော်လည်း အေဒီအိတ်ချ်ဒီကလေးများသည် ပုံမှန်အဆင့်ထက် များစွာလွန်ကဲပြီး၊ မိမိကိုယ်မိမိထိန်းချုပ်ရန် ပိုမိုခက်ခဲသောကြောင့် နေရာတိုင်းတွင် မကြာခဏပြဿနာ ဖြစ်လေ့ရှိသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အေဒီအိတ်ချ်ဒီဖြစ်ရသည့် အကြောင်းရင်းကို အတိအကျမသိပါ။ အချို့တွင် မျိုးရိုးလိုက်တတ်ပြီး ဗီဇတချို့ကြောင့် ဖြစ်ပေါ်နိုင်ကြောင်းတွေ့ရှိရသည်။ ကိုယ်ဝန်ဆောင်စဉ် မိခင် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးများ သုံးစွဲခြင်းနှင့် လမစေ့ဘဲ မွေးဖွားလာသော ကလေးများတွင်လည်း အေဒီအိတ်ချ်ဒီလက္ခဏာများ ပိုမိုတွေ့ရှိရသည်။

ရောဂါလက္ခဏာများ

အေဒီအိတ်ချ်ဒီလက္ခဏာများသည် အစောဆုံး ကလေးအသက် (၂) နှစ်၊ (၃) နှစ်မှစ၍ အထူးသဖြင့် ကျောင်းနေစဉ်ကာလတွင် စတင်တွေ့ရှိရတတ်ပြီး လူကြီးဖြစ်လာချိန်တွင် လက္ခဏာများ လျော့ပါးသွားနိုင်သော်လည်း လုံးဝပျောက်ကင်းသွားခြင်းမရှိပါ။

အာရုံမစူးစိုက်နိုင်ခြင်း (Inattention)

မိမိလုပ်နေသော အလုပ်ပေါ်တွင် တောက်လျှောက်အာရုံမစိုက်နိုင်ဘဲ မကြာခဏ အာရုံပျံ့ လွင့်နေတတ်သည်။ ငေးမောနေတတ်သည်။ ကျောင်းစာ၊ အိမ်စာများ သတ်မှတ်ချိန်အတွင်း မပြီးခြင်း၊ လုပ်ရန်မေ့နေတတ်ခြင်း၊ အစသာလုပ်ပြီး အဆုံးမသတ်နိုင်ခြင်း၊ ဖြစ်သလိုလုပ်လာခြင်း၊ မမှားသင့်သော အမှားများ မကြာခဏမှားတတ်ခြင်းစသည်တို့ တွေ့ရတတ်သည်။ အာရုံစူးစိုက်၍ လုပ်ရလေ့ရှိသော အလုပ်များကို ငြီးငွေ့လာတတ်သည်။ ပစ္စည်းများ မကြာခဏ ပျောက်တတ်သည်။ ဆော့ကစားနေသည့်အချိန်တွင်လည်း တစ်နေရာတည်း သို့မဟုတ် ကစားစရာတစ်မျိုးတည်းတွင် ငြိမ်သက်စွာ ဆော့လေ့မရှိဘဲ နေရာမလပ်၊ မရပ်မနားဆက်တိုက် မျိုးစုံဆော့တတ်ကြသည်။ အနာအကျင်ဒဏ်ကို ခံနိုင်ကြသည်။ ပြောနေသော စကားကိုလည်း အာရုံစူးစိုက်နားထောင်လေ့မရှိပါ။

တက်ကြွမှုလွန်ကဲခြင်းနှင့်မိမိကိုယ်မိမိ မထိန်းချုပ်နိုင်ခြင်း (Hyperactivity and impulsivity)

တစ်နေရာတည်းတွင် ငြိမ်ငြိမ်ထိုင်မနေနိုင်ခြင်း၊ ထိုင်နေလျှင်လည်း ခြေ၊ လက်၊ ပါးစပ်အငြိမ်မနေဘဲ ထိန်းချုပ်ရအလွန်ခက်ခဲခြင်း၊ စကားအလွန်များခြင်းစသည်တို့ တွေ့ရတတ်သည်။ အလွန်အမင်းပြေးလွှား ဆော့ကစားခြင်း၊ အမြင့်တက်ခြင်း၊ အမြဲခုန်ပေါက်နေခြင်းတို့လည်း မကြာခဏတွေ့ရတတ်သည်။ မစဉ်းစားဘဲ၊ ခွင့်မတောင်းဘဲ၊ မိမိအလှည့်မစောင့်ဘဲ ပြုမူပြောဆိုခြင်း၊ အတင်းလု၍ မေးခွန်းမေးခြင်းများ ပြုလုပ်တတ်သည်။ ဤကဲ့သို့မလုပ်ရန် ထိန်းချုပ်လျှင် မကြာခဏ စိတ်ပေါက်ကွဲတတ်သည်။

အေဒီအိတ်ချ်ဒီလက္ခဏာများကို ယောက်ျားလေးများတွင် ပို၍တွေ့ရှိရတတ်သည်။ ယောက်ျားလေးများ၌ တက်ကြွမှုလွန်ကဲသော၊ မိမိကိုယ်မိမိ မထိန်းချုပ်နိုင်သော လက္ခဏာများကို ပိုမိုတွေ့ရှိရသည်။ မိန်းကလေးများ၌မူ အာရုံစူးစိုက်မှုနည်းသော လက္ခဏာများ အတွေ့ရများသည်။

အထက်ပါလက္ခဏာများကို ပုံမှန်ကလေးငယ်များတွင်လည်း မကြာခဏတွေ့ရလေ့ရှိပြီး ထိုသို့တွေ့ရတိုင်း အေဒီအိတ်ချ်ဒီ ဟုမပြောနိုင်ပါ။ ပုံမှန်ကလေးများသည် အသက်ကြီးလာလျှင် အမူအကျင့်များကို သဘာဝအလျောက် ထိန်းချုပ်လာနိုင်ပြီး အေဒီအိတ်ချ်ဒီ ကလေးများမှာမူ ထိုသို့မထိန်းချုပ်နိုင်ဘဲ အိမ်ရောကျောင်း၌ပါ ပြဿနာမျိုးစုံဖြစ်လာသည်။

နောက်ဆက်တွဲပြဿနာများ

အေဒီအိတ်ချ်ဒီကလေးများတွင် စိုးရိမ်မှုများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ Tics ဟုခေါ်သော ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုခုအလိုလို လှုပ်နေတတ်ခြင်း၊ အရာရာ ဆန့်ကျင်ဘက်လုပ်တတ်ခြင်းစသော ပြဿနာများလည်း တွဲ၍တွေ့ရတတ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက သင်၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

အေဒီအိတ်ချ်ဒီ ဟုသတ်မှတ်နိုင်ရန် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရသည်။

  1. အာရုံမစူးစိုက်နိုင်ခြင်း၊တက်ကြွမှုလွန်ကဲခြင်း စသည့်လက္ခဏာများ ရှိခြင်း
  2. အဆိုပါလက္ခဏာများကို ငယ်ရွယ်စဉ်ကတည်းက စတင်တွေ့ရှိလာခဲ့ပြီး ကျောင်းနေချိန် အရွယ်ရောက်လာသော်လည်း အမူအကျင့် မထိန်းချုပ်နိုင်ဘဲ ပြဿနာများပိုမိုဖြစ်ပေါ်လာခြင်း
  3. အဆိုပါလက္ခဏာများကို ပတ်ဝန်းကျင် နေရာအနေအထားနှစ်ခုထက်မက(ဥပမာ-အိမ်၊ ကျောင်း၊ ကစားကွင်း၊ စားသောက်ဆိုင်စသည့်နေရာစုံ ) ၌တွေ့ရှိရပြီး ကလေး၏ ပညာရေး၊ လူမှုပေါင်းသင်းဆက်ဆံရေး စသည်တို့ထိခိုက်လာခြင်း
  4. အဆိုပါလက္ခဏာများကိုဖြစ်စေသည့် အခြားသော ရောဂါအခြေအနေများမရှိခြင်း (ဥပမာ_အမြင်အာရုံချို့ယွင်းခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ အထွေထွေဖွံ့ဖြိုးမှုနောက်ကျခြင်း၊ သိုင်းရွိုက်အကျိတ်မှ ဟော်မုန်းလွန်ကဲစွာထွက်ခြင်း၊ obstructive sleep apnoea ဟုခေါ်သော ညဖက်အိပ်စဉ် အသက်ရှူလမ်းကြောင်းပိတ်ဆို့တတ်ခြင်း)

အေဒီအိတ်ချ်ဒီ ဟုသတ်မှတ်နိုင်ရန် သွေးစစ်၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ကို ပြုလုပ်ရန်မလိုပါ။ မိဘအုပ်ထိန်းသူများထံမှ ကလေးနှင့်ပတ်သက်သော ရောဂါရာဇဝင်ကိုမေးမြန်းခြင်း၊ ကလေးကို စမ်းသပ်စစ်ဆေးကြည့်ရှုခြင်းနှင့် ဆရာဆရာမများထံမှ ကလေးနှင့်ပတ်သက်သော အချက်အလက်များမေးမြန်းခြင်းတို့ လုပ်ဆောင်ပြီး ရောဂါအမည်တပ်ရှာဖွေနိုင်သည်။

ကုသခြင်း

ကလေးနှင့်မိဘအုပ်ထိန်းသူများကို တပြိုင်နက် လေ့ကျင့်သင်ကြား ပညာပေးခြင်းဖြင့်လည်းကောင်း၊ ဆေးဝါးများဖြင့်လည်းကောင်း ကုသပေးနိုင်သည်။ စိတ်ရှည်စွာလေ့ကျင့်ကုသပေးရန် လိုအပ်သည်။ လက္ခဏာများအား လုံးဝပျောက်ကင်းအောင် မကုသနိုင်သော်လည်း အခြေအနေ များစွာတိုးတက်လာနိုင်ပြီး ကလေး၏ ပညာသင်ကြားရေး၊ ပေါင်းသင်းဆက်ဆံရေးများ များစွာအဆင်ပြေလာနိုင်သည်။

အေဒီအိတ်ချ်ဒီ ကလေးများကို ကုသပေးနိုင်သောနည်းလမ်းများမှာ_

  1. အမူအကျင့်နှင့်စိတ်ပိုင်းဆိုင်ရာများ လေ့ကျင့်ပေးခြင်း (Behavioural therapy)
  2. မိဘများကို အကြံပြု ပညာပေးသင်ကြားပေးခြင်း
  3. ကျောင်းစာသင်ခန်းအတွက် လိုအပ်သောအကြံဉာဏ်များပေးခြင်း [ဥပမာ-တစ်ဦးချင်းအနီးကပ် သင်ရန်၊ ကလေးကို အာရုံပျံ့လွင့်လွယ်သည့် ခုံ၊ နေရာ မျိုးတွင်မထားရန်၊ ငြိမ်၍လိမ္မာသော ကလေးများအနီးတွင်ထားရန်၊ လှုပ်လှုပ်ရှားရှား လုပ်ရသည့်အလုပ်မျိုး (ဥပမာ-စာအုပ်၊ စာရွက်စာတမ်းများ လိုက်ဝေခြင်း)ကို အေဒီအိတ်ချ်ဒီကလေးအား ပို၍ခိုင်းပေးရန်]
  4. အာရုံစူးစိုက်စေနိုင်သော ဆေးဝါးများဖြင့် ကုသခြင်း

အေဒီအိတ်ချ်ဒီကလေးများနှင့် မိဘအုပ်ထိန်းသူများအတွက် အကြံပြုချက်များ

  1. အေဒီအိတ်ချ်ဒီကလေးများ၏ နေ့စဉ်လူနေမှုဘဝတွင် ပြဿနာများလျော့နည်းပြီး အဆင်ပြေပြေ နေနိုင်ရန်အတွက် ပုံမှန်စည်းကမ်းများ စနစ်တကျ သတ်မှတ်ပေးထားရန်လိုသည်။ သို့သော် ထိုစည်းကမ်းများသည် တင်းကျပ်သော စည်းကမ်းမျိုးမဖြစ်သင့်ပါ။ အိပ်ယာထချိန်၊ ကျောင်းသွားချိန်၊ စာသင်ချိန်၊ အစာစားချိန်၊ ကစားချိန်၊ အိပ်ရာမဝင်မီ၊ အိပ်ယာဝင်ချိန် စသည်တို့အတွက်လည်း ကလေးနေ့စဉ် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းဆောင်တာများ၊ အမူအကျင့်များ စသည်တို့ကို ပုံမှန်အချိန်ဇယားဆွဲ သတ်မှတ်လေ့ကျင့်ပေးထားရန် လိုသည်
  2. အေဒီအိတ်ချ်ဒီကလေးများအား သင်ပြပြောဆိုချိန်တွင် ကလေးနှင့်မျက်လုံးချင်းဆိုင်ကြည့်ပြီး လိုအပ်သည်များကိုသာ ရွေးချယ်ပြောဆိုခိုင်းစေရန်လိုသည်။ ကလေးကိုခိုင်းစေလျှင် တိကျသေချာသော စကားလုံးများသုံး၍ လည်းကောင်း၊ တစ်ဆင့်ပြီးတစ်ဆင့် ညွှန်ကြား၍ လည်းကောင်း ခိုင်းစေတတ်ရန် လိုပါသည်။ တစ်ချိန်တည်းတွင် စကားများများပြောခြင်း၊ အကြောင်းအရာများစွာ စေခိုင်းခြင်းများ ရှောင်ကြဥ်သင့်သည်
  3. စိတ်ရှည်ရန်လိုအပ်သည်။ စကားကို တည်ငြိမ်အေးဆေးစွာပြောဆိုပါ။ သင့်ကလေး၏ ကောင်းသော အပြုအမူ၊ အလေ့အကျင့်များအတွက် ချက်ချင်းအသိအမှတ်ပြု ဆုပေးပြီး၊ မကောင်းသောအရာများ လုပ်လျှင်လည်း ချက်ချင်းတုံ့ပြန်အသိပေးပါ
  4. သင့်တင့်မျှတသော အစာအာဟာရစားသုံးခြင်း၊ ပုံမှန်လှုပ်ရှားမှု လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ ဖုန်း၊ ဂိမ်းကစားခြင်း စသည့် Screen time ကို ထိန်းချုပ်ခြင်း စသည်တို့လည်း လိုအပ်သည်
  5. မိဘများအနေဖြင့် မိမိ၏ကလေး ရောဂါအခြေအနေကို သဘောပေါက်နားလည်ပြီး ဆရာဝန်၊ ကျောင်းဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ အထူးအရေးကြီးသည်။
ကာကွယ်ခြင်း

အေဒီအိတ်ချ်ဒီရောဂါကို ကြိုတင်ကာကွယ်၍ မရနိုင်ပါ။ အရေးကြီးဆုံးမှာ လက္ခဏာများပေါ်ပေါက်လာပါက အခြေအနေပေါ်မူတည်ပြီး သင်၏မိသားစုဆရာဝန်ထံသို့ ပြသကုသမှုခံယူခြင်းပင်ဖြစ်သည်။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.