Aphthous ulcer / canker sore (ခံတွင်းအပူနာ)

Aphthous ulcer / canker sore (ခံတွင်းအပူနာ)

ခံတွင်းအပူနာများသည် နှုတ်ခမ်းနှင့်ပါးစောင်အတွင်းပိုင်း၊ လျှာအောက်ပိုင်းတို့တွင် များသောအားဖြင့် ပေါက်လေ့ရှိသော သေးငယ်၍ ပါးလွှာသည့် အနာများဖြစ်သည်။ အပူနာများသည် တစ်ဦးမှတစ်ဦးသို့ မကူးစက်နိုင်ပါ။

Aucs img1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခံတွင်းအပူနာဖြစ်ရသော အကြောင်းရင်းကို တိကျသေချာစွာ မသိပါ။ အောက်ပါအခြေအနေများကြောင့် ခံတွင်းအပူနာများ ဖြစ်နိုင်သည်ဟု ယူဆကြသည်။

  • ခံတွင်းသားကို မတော်တဆ ကိုက်မိခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သွားတိုက်တံနှင့် ပြင်းထန်စွာ ထိတိုက်မိခြင်း
  • Sodium lauryl sulfate ပါဝင်သော သွားတိုက်ဆေးနှင့်ပလုပ်ကျင်းဆေးများ အသုံးပြုခြင်း
  • တချို့သော အစားအသောက်များနှင့် မတည့်ခြင်း
  • ဗီတာမင် ဘီ-၁၂၊ ဇင့် ( Zinc )၊ ဖောလစ်အက်ဆစ် (folic acid )၊ သံဓာတ်ချို့တဲ့သော အစားအသောက်များ စားသုံးခြင်း
  • တချို့သော ဘက်တီးရီးယား ပိုးများရှိနေခြင်း၊ အစာအိမ်အနာ ဖြစ်စေတတ်သော H.Pylori ပိုးရှိနေခြင်း
  • ရာသီလာခါနီး ဟော်မုန်းဓာတ် အပြောင်းအလဲများဖြစ်ခြင်း
  • စိတ်ဖိစီးမှုရှိခြင်း
  • တချို့သော ရောဂါအခြေအနေရှိနေခြင်း (ဥပမာ – ကိုယ်ခံအား ကျဆင်းစေတတ်သော​ရောဂါများ၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများ )
ရောဂါလက္ခဏာများ

ခံတွင်းအပူနာသည် အနာ၏အလယ်တွင် အဖြူရောင် (သို့မဟုတ်) အဝါရောင်၊ အဝိုင်း (သို့မဟုတ်) ဘဲဥ ပုံသဏ္ဌာန်ရှိပြီး ခံတွင်း၏ မည့်သည့်နေရာတွင်မဆို ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် နှုတ်ခမ်းနှင့်ပါးစောင် အတွင်းပိုင်း၊ လျှာအောက်ပိုင်းတို့တွင် အများဆုံးပေါက်လေ့ရှိသည်။ အနာမဖြစ်ပေါ်လာခင်ကတည်းက အနာဖြစ်မည့်နေရာများတွင် စပ်ဖျဉ်းဖျဉ်း သို့မဟုတ် အပူလောင်ခြင်းကဲ့သို့ ခံစားရနိုင်သည်။ အပူနာများပေါက်လာလျှင် နာကျင်ခြင်း၊ စားသောက်ရခက်ခဲခြင်း၊ စကားပြောရန်ခက်ခဲခြင်းများ ဖြစ်စေနိုင်သည်။ များသောအားဖြင့် တစ်ပတ် မှ နှစ်ပတ်အတွင်း ပျောက်ကင်းသက်သာသွားနိုင်သည်။

နောက်ဆက်တွဲပြဿနာများ
  • အနာပိုးဝင်ခြင်း၊
  • အနာပြည်တည်ခြင်းများ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
  • ခံတွင်းအပူနာ အရမ်းကြီးလျှင်
  • အနာဟောင်းများ မကောင်းသေးခင် အသစ်များ ဆက်တိုက်ပေါ်လာလျှင်
  • မကြာခဏအနာဖြစ်လျှင်
  • အနာသည် နှစ်ပတ်ကျော်အထိ မပျောက်ကင်းလျှင်
  • နာကျင်လွန်း၍ စားသောက်ရန် ခက်ခဲနေလျှင်
  • အဖျားကြီးနေလျှင်
    မိသားစုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသသင့်သည်။
ရောဂါရှာဖွေခြင်း

လူနာကို စမ်းသပ်စစ်ဆေးရုံနှင့် ခံတွင်းအပူနာမှန်း သိသာနိုင်သည်။ အထူးတလည် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးရန် မလိုအပ်ပါ။ သို့သော် (၃) ပတ်ကျော်သည်အထိ အနာမပျောက်ပါက အသေးစိတ်စစ်ဆေးနိုင်ရန် မိသားစုဆရာဝန်မှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ထံသို့ ညွှန်းပို့လိမ့်မည်။

ကုသခြင်း

ပုံမှန်အားဖြင့် သေးငယ်သော အနာများသည် ကုသမှုမခံယူသော်လည်း တစ်ပတ်၊ နှစ်ပတ်အတွင်း ပျောက်ကင်းနိုင်သည်။ နာကျင်၍ စားသောက်ရန် ခက်ခဲပါက Triamcinolone acetonide (0.1%) ပါဝင်သော လိမ်းဆေးအား အနာဖြစ်သည့်နေရာကို တစ်နေ့လျှင် (၂)ကြိမ် မှ (၃)ကြိမ် ပျောက်ကင်းသည်အထိ လိမ်းပေးနိုင်သည်။ ဆေးလိမ်းသော်လည်း မသက်သာပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်သင့်သည်။

ကာကွယ်ခြင်း

ခံတွင်း အပူနာရောဂါသည် ယခုပျောက်ကင်းသော်လည်း နောင်တစ်ချိန်တွင် ပြန်လည် ဖြစ်ပေါ်နိုင်သော ရောဂါမျိုးဖြစ်သည်။

ထိုကဲ့သို့ ပြန်လည်ဖြစ်ပေါ်လာနိုင်နှုန်းနည်းအောင်

  • ခံတွင်းနှင့်သွားကျန်းမာရေးကို ဂရုစိုက်ပေးခြင်း
  • ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များ စားသုံးခြင်း
  • မတည့်သော အစားအသောက်များ ရှောင်ကြဉ်ခြင်း
  • တတ်နိုင်သမျှ စိတ်ဖိစီးမှုလျှော့ချခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

References:

  1. Canker sore – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 3, 2024, from https://www.mayoclinic.org/diseases-conditions/canker-sore/symptoms-causes/syc-20370615
  2. National Library of Medicine. (n.d.). Canker Sores. Retrieved June 3, 2024, from https://medlineplus.gov/cankersores.html

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.