ဦးနှောက်၏ အောက်ခြေပိုင်းတွင်ရှိသော ပီကျူတရီဂလင်း (pituitary gland)မှ ကြီးထွားမှုဟော်မုန်း (growth hormone, GH)ကို ပုံမှန်ထက် အဆမတန်များစွာ ပိုမိုထုတ်သည့်အခါ လူ့ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော ကြီးထွားမှုများ ဖြစ်ပေါ်လာခြင်းကို acromegaly ဟုခေါ်သည်။ ထိုရောဂါမှာ ရှားပါးသော်လည်း ပြင်းထန်သည့် ဝေဒနာများ ဖြစ်စေနိုင်ပြီး ကုသမှုမခံယူပါက အသက်ပါဆုံးရှုံးနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပီကျူတရီဂလင်းမှ ထုတ်သော ကြီးထွားမှုဟော်မုန်း (GH)၏ လှုံ့ဆော်မှုကြောင့် အသည်းမှ IGF-1 ဟုခေါ်သည့် နောက်ထပ်ဟော်မုန်းတစ်မျိုး ထွက်လာကာ ခန္ဓာကိုယ်၏အရိုးနှင့် တစ်ရှူးများ ကြီးထွားမှုကို ဖြစ်ပေါ်စေသည်။ ကြီးထွားမှုဟော်မုန်းများလျှင် acromegaly ၏ ရောဂါလက္ခဏာနှင့် နောက်ဆက်တွဲ ပြသနာများ ဖြစ်ပေါ်လာသည်။ ကြီးထွားမှုဟော်မုန်း (GH) များစွာထွက်စေနိုင်သော အဓိကအကြောင်းရင်းမှာ ပီကျူတရီဂလင်းတွင် ကင်ဆာမဟုတ်သော အကျိတ်ဖြစ်ခြင်းကြောင့် ဖြစ်ပြီး အချို့လူနည်းစုတွင် အဆုတ်နှင့် ပန်ကရိယမှ အကျိတ်များကြောင့်လည်း ဖြစ်တတ်သည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများမှာ တစ်ဦးနှင့် တစ်ဦးမတူညီနိုင်ဘဲ အချိန်ကာလကြာမြင့်စွာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်သည်။
- လက်နှင့် ခြေထောက်များ ကြီးလာခြင်း (အဖြစ်များသောလက္ခဏာဖြစ်ပြီး ဖိနပ်အရွယ်အစားကြီးလာခြင်းနှင့် လက်စွပ်ကျပ်လာခြင်း၊ လက်စွပ်ဝတ်၍ မတော်တော့ခြင်းများကို စတင်သတိပြုမိနိုင်သည်)
- တဖြည်းဖြည်းချင်း မျက်နှာပုံသဏ္ဌာန် ပြောင်းလဲလာခြင်း (အောက်မေးရိုးနှင့်မျက်ခုံးရိုးများ ငေါထွက်လာခြင်း၊ နှာခေါင်း၊ နှုတ်ခမ်း၊ လျှာနှင့် သွားများကြီးလာခြင်း)
- အရေပြားကြမ်းပြီး ထူထဲလာခြင်း
- ချွေးထွက် များလာခြင်း
- အရေပြားတွင် အဖုများထွက်လာခြင်း
- မောပန်းလွယ်ခြင်း
- ကြွက်သားအားနည်းခြင်း
- အဆစ်များနာကျင်ခြင်း
- အသံပြောင်းခြင်း
- အိပ်နေစဥ် အလွန်ဟောက်ခြင်း
- ခေါင်းကိုက်ခြင်း
- အမြင်အာရုံချို့တဲ့ခြင်း
- အမျိုးသမီးများတွင် ရာသီစက်ဝန်း မမှန်ခြင်းနှင့် အမျိုးသားများတွင် ပန်းသေပန်းညှိုးဖြစ်ခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ဤရောဂါ၏နောက်ဆက်တွဲပြဿနာများမှာ
- သွေးတိုးရောဂါ
- သွေးတွင်းအဆီဓာတ်များခြင်း
- နှလုံးကြီးခြင်း
- အမျိုးအစား (၂) ဆီးချိုရောဂါ
- လည်ပင်းကြီးရောဂါ
- အူမကြီးတွင် ကင်ဆာဖြစ်စေနိုင်သော အလုံးအဖု (polyp)များ ဖြစ်ပေါ်ခြင်း
- အိပ်နေစဥ် အသက်ရှူ မကြာခဏရပ်သွားခြင်း (sleep apnoea)
- လက်ကောက်ဝတ်ရှိ အာရုံကြောပိမိခြင်းကြောင့် လက်နှင့်လက်ချောင်းများ ထုံကျဥ်ကိုက်ခဲခြင်း (Carpal tunnel syndrome)
- ကျောရိုးရှိအာရုံကြောမကြီး ပိမိခြင်း
- အမြင်အာရုံဆုံးရှုံးခြင်းတို့ ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် အခြေခံစစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ ပြုလုပ်ပြီး သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်စစ်ဆေးခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ နောက်ဆက်တွဲပြသနာများမှာ အသက်အန္တရာယ်ရှိနိုင်သောကြောင့် ဆရာဝန်နှင့်ပြသပြီး ကုသမှုခံယူရန် အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် နားလည်တတ်ကျွမ်းသော ဆရာဝန်များမှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ သေချာစွာ စမ်းသပ်ခြင်း၊ ယခင်ကရိုက်ခဲ့ဖူးသော ဓာတ်ပုံအဟောင်းများနှင့် ယခုလက်ရှိပုံစံကို နှိုင်းယှဥ်ကြည့်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ သွေးထဲရှိ ကြီးထွားမှုဟော်မုန်း (GH)နှင့် IGF-1 ဟော်မုန်းများတိုင်းတာခြင်း၊ လိုအပ်ပါက ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန် (CT scan)နှင့် သံလိုက်ဓာတ်မှန် (MRI)များကို ရိုက်နိုင်သည်။ ထို့အပြင် အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (echocardiogram) ၊ အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းနှင့် အိပ်နေစဥ် အသက်ရှူရပ်ခြင်းကို စစ်ဆေးခြင်း (sleep study)တို့ကိုလည်း လိုအပ်လျှင် ပြုလုပ်လိမ့်မည်။
ကုသခြင်း
ကုသနိုင်သော နည်းလမ်းများမှာ
- ခွဲစိတ်ကုသ၍ အကျိတ်ကိုဖယ်ရှားခြင်း
- ကြီးထွားမှုဟော်မုန်း (GH)ကို ပုံမှန်ပမာဏဖြစ်အောင် ထိုးဆေး၊ သောက်ဆေးများပေးခြင်း
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း တို့ ဖြစ်သည်။
ကာကွယ်ခြင်း
ဤရောဂါကို ကာကွယ်နိုင်သောနည်းလမ်း ယခုထိ မရှိသေးပါ။
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.