နှာခေါင်းအတွင်းနံရံရှိ သွေးကြောငယ်များပေါက်ခြင်းကြောင့် သွေးယိုထွက်ခြင်းဖြစ်သည်။ အများအား ဖြင့် နှာခေါင်းပေါက်တစ်ဖက်သာ ဖြစ်လေ့ရှိပြီး တစ်ခါတစ်ရံ နှစ်ဖက်စလုံး ဖြစ်နိုင်သည်။ နှာခေါင်းသွေးလျှံခြင်းသည် စိတ်အနှောက်အယှက် ဖြစ်စေသော်လည်း အများစုသည် ယေဘုယျအားဖြင့် စိုးရိမ်စရာမရှိပါ။ သွေးထွက်သောနေရာကို မူတည်၍ နှာခေါင်းအရှေ့ဘက် သွေးလျှံခြင်းနှင့် နှာခေါင်းအနောက်ဘက် သွေးလျှံခြင်းဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နှာခေါင်းသွေးလျှံခြင်းကိုဖြစ်စေသော အကြောင်းရင်းများကို
- နှာခေါင်းအတွင်းရှိပြဿနာများ
- နောက်ခံကျန်းမာရေးအခြေအနေ
- ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေ
- ဆေးဝါးများကြောင့် ဖြစ်ခြင်း ဟုခွဲခြားနိုင်သည်။
နှာခေါင်းအတွင်းရှိပြဿနာများ
- နှာခေါင်းနှိုက်ခြင်း
- နှာနုရိုးစောင်းနေခြင်း
- နှာခေါင်းတွင်းထိခိုက်ဒဏ်ရာရခြင်း
- နှာခေါင်းအသားပိုရှိခြင်း
- နှာခေါင်းအကျိတ်ရှိခြင်း
- ဓာတ်မတည့်ခြင်းများ၊ ပိုးဝင်ခြင်းများကြောင့် နှာခေါင်းရောင်ရမ်းခြင်း
နောက်ခံကျန်းမာရေးအခြေအနေများ
- သွေးတိုးရောဂါရှိသူများ
- သွေးကြောဖွဲ့စည်းမှု ပုံမမှန်ရောဂါရှိသူများ
- သွေးမတိတ်ရောဂါရှိသူများ
- သွေးကင်ဆာရောဂါရှိသူများ
- အရက်အလွန်အကျွံသောက်သုံးသူများ
ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများ
- လေထုခြောက်သွေ့ခြင်း
(ခြောက်သွေ့သောလေနှင့် နှာခေါင်းအတွင်းမျက်နှာပြင်ရှိ သေးငယ်သောသွေးကြောများ ထိတွေ့ရာမှ နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတတ်သည်) - ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်မားသောဒေသများ
(မြင့်မားသောဒေသရှိ လေထုသည် အလွန်ခြောက်သွေ့နိုင်သည်)
ဆေးဝါးများ
- အကိုက်အခဲပျောက်ဆေးများ (ဥပမာ_အက်စ်ပရင်)
- သွေးမခဲဆေးများ
- သွေးခဲဖျော်ဆေးများ
- စတီးရွိုက်ပါသော နှာခေါင်းဖြန်းဆေးများ
- အချို့သော တိုင်းရင်းဆေးများ၊ ဖြည့်စွက်စာများ
- နှာခေါင်းဖြင့် ရှူရှိုက်သုံးစွဲသည့် မူးယစ်ဆေးများ (ဥပမာ_ကိုကိန်း)
ယေဘုယျအားဖြင့် နှာခေါင်းသွေးလျှံခြင်းသည် ပြင်းထန်မှုမရှိ၊ အလိုအလျောက် သက်သာနိုင်သော်လည်း အခြားလက္ခဏာများ (ဥပမာ_ နှာခေါင်းတစ်ဖက်တည်းပိတ်နေခြင်း၊ နာကျင်ခြင်း (သို့မဟုတ်) အာရုံကြော အားနည်းမှုများ၊ အခြားနေရာမှသွေးထွက်ခြင်းများ)နှင့် တွဲဖြစ်လျှင် သွေးကြောပုံမမှန်ခြင်း၊ အဖု၊ အကျိတ်များရှိခြင်း၊ သွေးထွက်သည့် သို့မဟုတ် သွေးမတိတ်သည့်ရောဂါများ စသည်တို့ကို ထည့်သွင်းစဥ်းစားရန်လိုသည်။
- အသက် (၂) နှစ်အောက်ကလေးများတွင်နှာခေါင်းသွေးလျှံခြင်း
- မကြာခဏနှာခေါင်းသွေးလျှံခြင်း
- သွေးအားနည်းသည့် လက္ခဏာများခံစားရခြင်း (နုံးခြင်း၊ အားမရှိခြင်း၊ မူးခြင်း၊ ဖြူဖျော့ခြင်း)
- ခန္ဓာကိုယ်၏အခြားနေရာများတွင် သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်းများ စသည့်လက္ခဏာများရှိပါက နောက်ခံကျန်းမာရေးပြဿနာများ (အထူးသဖြင့် သွေးရောဂါများ) ကြောင့်ဖြစ်နိုင်သည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
မည်သူမဆိုနှာခေါင်းသွေးလျှံခြင်း ခံစားရနိုင်သော်လည်း
- အသက် (၂)နှစ် မှ (၁၀)နှစ်အတွင်း ကလေးများ
- အသက် (၄၅)နှစ် မှ (၈၀)နှစ်ကြား လူကြီးများ
- ကိုယ်ဝန်ဆောင်သည်များ
- သွေးကျဲဆေးသောက်နေရသူများ
- သွေးမတိတ်ရောဂါရှိသူများတွင် ပို၍ဖြစ်နိုင်ခြေများသည်။
ရောဂါလက္ခဏာများ
ယေဘုယျအားဖြင့် နှာခေါင်းသွေးလျှံခြင်းမှလွဲ၍ အခြားသောလက္ခဏာများ ခံစားရခြင်းမရှိတတ်ပါ။ သို့သော် နှာခေါင်းသွေးလျှံရာမှ ထွက်လာသော သွေးကို မျိုချမိလျှင်ဖြစ်စေ၊ နှာခေါင်းအနောက်ဘက်မှ သွေးယိုစီးခြင်းကြောင့်ဖြစ်စေ အစာအိမ်သို့ သွေးများစီးဝင်သွားတက်သဖြင့် ပျို့ခြင်း၊ အန်ခြင်းများ ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ထိခိုက်ဒဏ်ရာရခြင်းကြောင့် နှာခေါင်းသွေးထွက်ခြင်း၊ နှာခေါင်းအားဖိထားသော်လည်း မိနစ် (၂၀)ကျော် သည်အထိသွေးမတိတ်ခြင်း၊ သွေးထွက်များ၍ အသက်ရှူရခက်ခြင်း စသည့်လက္ခဏာများရှိပါက အရေးပေါ် အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ပြုလုပ်၍ လိုအပ်ပါက သွေးစစ်ခြင်း၊ နှာခေါင်းမှန်ပြောင်းကြည့်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း တို့ကိုပြုလုပ်နိုင်သည်။
ကုသခြင်း
ရှေးဦးကုသခြင်း
- ကိုယ်ကိုမတ်မတ်ထား၍ ခေါင်းကို ရှေ့သို့ အနည်းငယ် ငိုက်ထားပါ (ထို့သို့လုပ်ခြင်းဖြင့် လည်ချောင်းအတွင်းသို့ သွေးများစီး၍ ပျို့ခြင်း၊ အန်ခြင်းနှင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းအား ကာကွယ်နိုင်သည်)
- ပါးစပ်မှတစ်ဆင့် အသက်ရှူပါ
- သွေးထွက်သည့်ပမာဏသိရှိရန် တစ်ရှူး (သို့မဟုတ်) အဝတ်စိုဖြင့် သွေးများကို ခံထားပါ
- လက်ညိုးနှင့်လက်မကို အသုံးပြု၍၊ နှာနုရိုးနှင့်နှာခေါင်းရိုး ဆုံသည့်နေရာတွင် (၅) မိနစ်ခန့် ဖိထားပါ (လွှတ်ကြည့်၍ သွေးထွက်နေသေးလျှင် နောက်ထပ် (၁၀) မိနစ်ခန့် ထပ်၍ဖိထားနိုင်သည်)
- ရေခဲကပ်ပေးပါ
- သွေးတိတ်သွားပြီးနောက်တွင် ခါးကုန်းခြင်း၊ အလေးအပင်မခြင်း၊ နှာခေါင်းပွတ်ခြင်း၊ ပြင်းထန်စွာ နှာချေခြင်းများအား ရက်အနည်းငယ် ရှောင်ကြဥ်ရမည်။
နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေေသော အခံရောဂါရှိပါက ထိုရောဂါကို ကုသရန်လိုသည်။ သွေးထွက်ခြင်းကို တားဆီးရန် ကုသနိုင်သည့် နည်းလမ်းများမှာ_
- နှာခေါင်းအတွင်းသို့ ဆေးများတိုက်ရိုက်ထည့်ခြင်း
- သွေးကြောများကို ဓာတုပစ္စည်းအသုံးပြု၍ပိတ်ခြင်း (Silver Nitrate)
- သွေးကြောများကို လျှပ်စစ်ဖြင့်တို့၍ပိတ်ခြင်း
- နှာခေါင်းအတွင်း ပစ္စည်းထည့်၍ ဖိအားသုံးပိတ်ဆို့ခြင်း (ရေမြုပ်၊ ဂွမ်း (သို့မဟုတ်) ဘောလုံးဖြင့်) (nasal packing)
- လေဆာဖြင့် ကုသခြင်း၊ သွေးကြောများအား ချည်ခြင်းတို့ဖြစ်သည်။
ကာကွယ်ခြင်း
နှာခေါင်းသွေးလျှံခြင်းကို အမြဲတမ်းမကာကွယ်နိုင်သော်လည်း ဖြစ်သည့်အကြိမ်ရေကို လျှော့ချနိုင်သော နည်းလမ်းများကို လုပ်ဆောင်သင့်သည်။
- နှာခေါင်းအတွင်း အစိုဓာတ်ရှိအောင်ထားခြင်း – နှာခေါင်းခြောက်ပါက သွေးလျှံခြင်းကို ပိုဖြစ်စေနိုင်သည်၊ နှာခေါင်းအတွင်းသို့ အစိုဓာတ်ထိန်းသည့် ဂျယ်လ်ကို ဂွမ်းတံအသုံးပြု၍ တစ်နေ့လျှင် သုံးကြိမ်ခန့်လိမ်းနိုင်သည်
- နှာခေါင်းအစက်ချဆေးများသုံးခြင်း – ထိုသို့သုံးခြင်းဖြင့် နှာခေါင်းအတွင်းပိုင်းအား အစိုဓာတ်ပေးနိုင်သည်
- ရေငွေ့ထုတ်စက် (humidifier) သုံးခြင်း
- ဆေးလိပ်သောက်ခြင်း ရှောင်ကြဥ်ခြင်း၊
- နှာခေါင်းနှိုက်ခြင်းအား ရှောင်ကြဥ်ခြင်း၊
- အကိုက်အခဲပျောက်ဆေးများနှင့် ဓာတ်မတည့်ခြင်းကြောင့် သောက်သည့်ဆေးများအား မကြာခဏ သောက်ခြင်းတို့မှ ရှောင်ကြဥ်ခြင်းတို့ဖြင့်လျှော့ချနိုင်သည်
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.