Hearing loss (အကြားအာရုံဆုံးရှုံးခြင်း (သို့မဟုတ်) နားလေးခြင်း)

Hearing loss (အကြားအာရုံဆုံးရှုံးခြင်း (သို့မဟုတ်) နားလေးခြင်း)

အကြားအာရုံဆုံးရှုံးခြင်းသည် မွေးကင်းစအသက်အရွယ်မှ သက်ကြီးရွယ်အိုအချိန်ထိ ဖြစ်နိုင်သည်။ အကြောင်းအရာ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး အသက်အရွယ်ကြီးခြင်းနှင့် အလွန်ကျယ်လောင်သော အသံများကြောင့် အများဆုံးဖြစ်တတ်သည်။ ကလေးငယ်များတွင်မူ မွေးရာပါရောဂါပိုး ကူးစက်ခံရခြင်းနှင့် ဗီဇဆိုင်ရာရောဂါများကြောင့် အဖြစ်များသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  1. နားအတွင်းသို့ အသံဝင်ရောက်မှု လမ်းကြောင်းအပိုင်း၌ အကြားအာရုံဆုံးရှုံးခြင်း (conductive hearing loss) အကြောင်းရင်းများမှာ
    • နားထဲတွင် နားဖာချေးများဖြင့် ပိတ်ခြင်း
    • နားတွင်းပိုးဝင်ခြင်း
    • နားစည်ပေါက်ခြင်း
    • အလယ်နားတွင်အရည်စုပုံခြင်း
    • နားပေါက်အတွင်းသို့ ပစ္စည်းတစ်စုံတစ်ခုဝင်ခြင်း
    • နားထဲတွင် အလုံး၊ အကျိတ်ရှိနေခြင်း
  2. အာရုံခံစားမှုအပိုင်း၌ အကြားအာရုံဆုံးရှုံးခြင်း (sensorineural hearing loss) အကြောင်းရင်းများမှာ
    • အသက်အရွယ်ကြီးလာခြင်း
    • အချို့သော မျိုးရိုးဗီဇရောဂါများရှိခြင်း
    • ခေါင်းထိခိုက်မိသော အခြေအနေများရှိခြင်း
    • ဦးနှောက်အမြှေးပါးရောင်ခြင်း (meningitis)
    • ဆူညံသောနေရာတွင် အလုပ်လုပ်ရခြင်း (ဥပမာ_စက်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ)
    • အချို့သော ဆေးဝါးများသောက်သုံးခြင်း (ဥပမာ_အချို့သောကင်ဆာဆေးများ၊ ပိုးသတ်ဆေးများ၊ ဆီးဆေးများ)
    • အချို့ အခံရောဂါများရှိခြင်း (ဥပမာ_နှလုံးရောဂါ၊ သွေးတိုး၊ လေဖြတ်၊ ဆီးချိုရောဂါရှိသူများ)
    • ပေါင်မပြည့်၊ လမစေ့မွေးသော ကလေးများ
    • မွေးကင်းစ အသားဝါရောဂါကြောင့် ဦးနှောက်တွင် အဝါဓာတ်စွဲခြင်း ခံစားရသော ကလေးများ စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

လူအများစုတွင် အကြားအာရုံဆုံးရှုံးခြင်းကို အစောပိုင်းတွင် သတိပြုမိခြင်းမရှိဘဲ တဖြည်းဖြည်း ပိုမိုသိသာလာတတ်သည်။ ရောဂါလက္ခဏာများမှာ_

  • စကားပြောသံ၊ အခြားအသံများကို တိုးညှင်းစွာကြားရခြင်း
  • အထူးသဖြင့် လူအုပ်များ၏အသံ၊ နောက်ခံအသံများ ဆူညံချိန်တွင် ပြောဆိုဆက်သွယ်ရာတွင် ပြဿနာဖြစ်ခြင်း
  • ပြောသောစကားများကို နားမလည်ခြင်း
  • စူးရှသော အသံများကို မကြားခြင်း (high-pitch sound)
  • အခြားသူများကို ဖြေးဖြေးနှင့် ကျယ်လောင်စွာ စကားပြောခိုင်းခြင်း
  • ရုပ်မြင်သံကြား၊ ရေဒီယိုအသံများကို တိုးမြှင့်နားထောင်ခြင်း
  • နားအူခြင်း
  • နားကိုက်ခြင်း
  • ဟန်ချက်မညီခြင်း၊ မူးဝေခြင်းစသည်တို့ ဖြစ်သည်။

မွေးကင်းစကလေးများနှင့် ကလေးကြီးများတွင် တွေ့ရသောရောဂါလက္ခဏာများမှာ

  • ကျယ်လောင်သောအသံများကို တုံ့ပြန်မှုမရှိခြင်း
  • အသက်(၆) လကျော်သည်အထိ အသံကြားရာကို လှည့်မကြည့်ခြင်း
  • အသက်(၁) နှစ်ထိ ဖေဖေ၊ မေမေ မခေါ်တတ်ခြင်း
  • နာမည်ခေါ်လျှင် တုံ့ပြန်မှုမရှိခြင်း
  • စကားပြော နောက်ကျခြင်း
  • စကားကို ရှင်းလင်းစွာ မပြောနိုင်ခြင်း
  • ညွှန်ကြားချက်များကို မလိုက်နာခြင်း
  • တီဗီမှအသံ၊ သီချင်းသံများကို ကျယ်လောင်စွာနားထောင်ခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

အကြားအာရုံချို့ယွင်းခြင်းသည် ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ပြတ်တောက်သကဲ့သို့ဖြစ်ပြီး ဘဝလူနေမှုအရည်အသွေး ကျဆင်းသောကြောင့် စိတ်အလိုမကျဖြစ်ခြင်း၊ ဒေါသဖြစ်ခြင်းနှင့် စိတ်အားငယ်ခြင်းများ ခံစားရနိုင်သည်။ ထိုမှတစ်ဆင့် စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း စသည်တို့ထိ ဖြစ်နိုင်သည်။ ကလေးငယ်များတွင် ကျောင်းသင်ခန်းစာများ နားမလည်ခြင်း၊ စာမလိုက်နိုင်ခြင်းတို့ကြောင့် ကျောင်းတွင် အဆင်မပြေမှုများ ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အကြားအာရုံ ရုတ်တရက်ဆုံးရှုံးခြင်း သို့မဟုတ် အကြားအာရုံနှင့်ပတ်သက်၍ သံသယဖြစ်ခြင်း စသည်တို့ရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြသပြီး လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင် မေးမြန်းခြင်း၊ နားအတွင်းစမ်းသပ်ခြင်းတို့ ပြုလုပ်ပြီး အကြားအာရုံဆုံးရှုံးသည့် လက္ခဏာများရှိပါက နားစည်မြှေးကို ကိရိယာဖြင့်စစ်ဆေးခြင်း(Tympanometry)နှင့် အကြားအာရုံကြော စမ်းသပ်သည့်စက်ဖြင့် စစ်ဆေးခြင်း (Audiogram)များဖြင့် ရောဂါရှာဖွေနိုင်သည်။ နားအတွင်း အလုံးအကျိတ်များ တွေ့ရှိပါက၊ သို့မဟုတ် ဦးနှောက်အတွင်း အလုံးအကျိတ်ရှိသည်ဟု သံသယရှိပါက ကွန်ပြူတာဓာတ်မှန် (CT)နှင့် သံလိုက်ဓာတ်မှန် (MRI) ရိုက်ရန် လိုအပ်နိုင်သည်။ ပေါင်မပြည့်၊ လမစေ့မွေးသော ကလေးများတွင် အသက်အရွယ်အလိုက်အကြားအာရုံကို ပုံမှန်စစ်ဆေးရသည်။

ကုသခြင်း

အကြားအာရုံချို့ယွင်းသည့် နေရာအစိတ်အပိုင်းပေါ်မူတည်၍ ကုသနည်းများရှိသည်။ ၎င်းတို့မှာ_

  • နားဖာချေးများဖယ်ရှားခြင်း
  • ခွဲစိတ်ကုသခြင်း
  • နားကြားကိရိယာတပ်ဆင်ကုသခြင်း
  • နားအတွင်းပိုင်းအကြားအာရုံခံနေရာ (Cochlea)အစားထိုးကုသခြင်း
  • နားစည်မြှေးဖာထေးကုသခြင်း
  • ပဋိဇီဝပိုးသတ်ဆေးများဖြင့်ကုသခြင်း
ကာကွယ်ခြင်း
  • မွေးကင်းစ ကလေးတိုင်းအား နားကြားမကြား စမ်းသပ်ခြင်း
  • ဆူညံသောနေရာများတွင် အလုပ်လုပ်ပါက နားကြပ် (သို့မဟုတ်) အစို့တပ်ဆင်၍ အလုပ်လုပ်ခြင်း
  • သီချင်းနားထောင်ပါက အသံလျှော့၍ နားထောင်ခြင်း
  • နားအတွင်းသို့ ပစ္စည်းများထည့်ခြင်း၊ နားကျပ်ခြင်းမှ ရှောင်ကြဥ်ခြင်း
  • နားကို ပုံမှန်စစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်၍ ကာကွယ်နိုင်သည်။

References:

  1. Hearing Loss. (2024). Cleveland Clinic. Retrieved June 27, 2024, from https://my.clevelandclinic.org/health/diseases/17673-hearing-loss
  2. Healthdirect Australia. (2022). Hearing loss. Prevention, Signs, Diagnosis and Treatment | Healthdirect. Retrieved June 27, 2024, from https://www.healthdirect.gov.au/hearing-loss
  3. Hearing loss – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 27, 2024, from https://www.mayoclinic.org/diseases-conditions/hearing-loss/symptoms-causes/syc-20373072

Published: 30 August 2024

Share

30 August 2024
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.