အတွင်းတိမ်ဆိုသည်မှာ မျက်စိတွင်းရှိ ပုံမှန်အတိုင်း ကြည်လင်နေသော မှန်ဘီလူးသည် နောက်ကျိ မှုန်ဝါးလာပြီး တိမ်စွဲခြင်းဖြစ်သည်။ တိမ်စွဲနေသော မှန်ဘီလူးကို ဖြတ်သန်းပြီး မြင်ရခြင်းသည် နှင်းမှုန် (သို့မဟုတ်) ရေငွေ့ရိုက်နေသော မှန်ကိုဖြတ်ပြီး ကြည့်သည့်အတိုင်း မြင်ရခြင်းဖြစ်သည်။ အတွင်းတိမ်သည် အသက်အရွယ်ကြီးသူများတွင် ပို၍အဖြစ်များသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မျက်စိတွင်းရှိ မှန်ဘီလူးသည် အသက်ကြီးလာသည်နှင့် ကျုံ့နိုင်၊ ကျယ်နိုင်သည့် စွမ်းအား နည်းလာသည်။ ကြည်လင်ပြတ်သားမှု လျော့လာသည်။ ထူထဲလာသည်။ မှန်ဘီလူးရှိ ပရိုတင်းဓါတ်များ ပျက်စီးပြီး အစိုင်အခဲဖြစ်လာသည်။ အဆိုပါ အစိုင်အခဲလေးများ စုဝေးလာခြင်းကို တိမ်စွဲသည်ဟုခေါ်သည်။ အစိုင်အခဲလေးများ ပိုမိုများလာသည့်အခါ တိမ်စွဲသည့်ဧရိယာ ကျယ်ပြန့်လာပြီး မှန်ဘီလူးကို အလင်းဖြတ်သန်းဝင်ရောက်မှု နည်းလာခြင်းကြောင့် အမြင်အာရုံကို ထိခိုက်လာခြင်းဖြစ်သည်။ တိမ်စွဲခြင်းသည် မျက်စိနှစ်ဖက်လုံးတွင် တစ်ပြိုင်တည်း ဖြစ်နိုင်သော်လည်း တိမ်အစိုင်အခဲလေးများ ပျံ့နှံ့မှုမတူညီသဖြင့် မျက်စိတစ်လုံးသည် အခြားမျက်စိထက် ပိုဆိုးနိုင်သည်။ တိမ်စွဲခြင်းတွင်_
- မှန်ဘီလူး၏ အလယ်ဗဟိုတွင် တိမ်စွဲခြင်း
- မှန်ဘီလူး၏ အနားစွန်းတစ်လျှောက် တိမ်စွဲခြင်းနှင့်
- မှန်ဘီလူး၏ နောက်ဖက်တွင် တိမ်စွဲခြင်းဟူ၍ ကွဲပြားသည်။
အဆိုပါ အမျိုးအစားများတွင် မှန်ဘီလူး၏ နောက်ဖက်တွင် တိမ်စွဲခြင်းသည် ပျံ့နှံ့မှုနှုန်းမြန်ပြီး အလင်းရောင်စူးလျှင် ပို၍ မှုန်ဝါးတတ်သည်။
အတွင်းတိမ်ရောဂါသည် လူကြီးများတွင်သာမက ကလေးဘဝတွင်လည်း ဖြစ်နိုင်သည်။ မျိုးဗီဇကြောင့် မွေးရာပါ ဖြစ်နိုင်သကဲ့သို့ သန္ဓေသားဘဝတွင် ကူးစက်ရောဂါပိုး ဝင်ရောက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများကြောင့် ဖြစ်တတ်သည်။ ကလေး အတွင်းတိမ်ရောဂါသည် ကြွက်သားပုံပျက် အားပျော့ရောဂါ (Myotonic dystrophies)၊ ဒေါင်းဆင်ဒရုန်း (Down syndrome)၊ မွေးရာပါ ဂျိုက်သိုးရောဂါ (Congenital Rubella syndrome)၊ စတီးရွိုက်ဆေးများ ရေရှည်သုံးစွဲခြင်းတို့နှင့်လည်း ဆက်စပ်မှုရှိသည်။ မွေးရာပါ အတွင်းတိမ်ရောဂါရှိသည့် ကလေးတိုင်း အမြင်အာရုံထိခိုက်မှု မရှိတတ်ပေ။ တွေ့ရှိသည်နှင့် တိမ်ကို ဖယ်ရှားခြင်းဖြင့် ကုသနိုင်သည်။
အောက်ပါအခြေအနေများတွင် အတွင်းတိမ်ရောဂါဖြစ်နှုန်း ပိုများသည်။
- သက်ကြီးရွယ်အိုများ
- ဆီးချိုရောဂါရှိသူများ
- စူးရှသည့်နေရောင်ခြည်နှင့် ထိတွေ့မှု များသူများ
- မိသားစုတွင် အတွင်းတိမ်ရောဂါရှိခြင်း
- မျက်စိ ဒဏ်ရာရဖူးခြင်း၊ ရောင်ရမ်းဖူးခြင်း
- မျက်စိ ခွဲစိတ်ခံရဖူးခြင်း
- စတီးရွိုက်ဆေးဝါးများ ကြာရှည်စွာသောက်ရဖူးခြင်း
- အရက် အလွန်အကျွံသောက်ခြင်း
- ဆေးလိပ်သောက်ခြင်း
- အဝလွန်ခြင်း
ရောဂါလက္ခဏာများ
- တိမ်စွဲနေသောမှန်ဘီလူးကြောင့် အမြင်ဝေဝါးခြင်း
- ညပိုင်း တဖြည်းဖြည်းမြင်ရန် ခက်ခဲခြင်း
- အလင်းစူးသည်ကို မခံနိုင်ခြင်း
- အလင်းတန်းပတ်လည်တွင် ကွင်းပုံသဏ္ဌာန် မြင်ရခြင်း
- မျက်လုံးတစ်လုံးတည်း ပုံရိပ်နှစ်ထပ် မြင်ရခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိလျှင် သို့မဟုတ် သံသယရှိလျှင် မိသားစုဆရာဝန်နှင့် ဦးစွာတိုင်ပင်ဆွေးနွေးနိုင်သည်။ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ပါက မျက်စိအထူးကုဆရာဝန်များထံ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အတွင်းတိမ်ရောဂါအဖြစ် သတ်မှတ်နိုင်ရန် မျက်စိအထူးကုဆရာဝန်သည် လူနာ၏ရောဂါလက္ခဏာများနှင့် အခံရောဂါများအကြောင်းကို မေးမြန်းမည်။ အနီးကြည့်၊ အဝေးကြည့် အမြင်စွမ်းရည် စမ်းသပ်ခြင်းကို ပြုလုပ်မည်။ အလင်းကွဲကြောင်း ထုတ်လွှတ်သည့်ကိရိယာ (Slit Lamp)ဖြင့် မျက်စိရှေ့အတွင်းပိုင်းကို စစ်ဆေးလျှင် မှန်ဘီလူးတိမ်စွဲခြင်းကို တွေ့ရှိနိုင်သည်။
ထို့နောက် မျက်စိသူငယ်အိမ်ကျယ် ဆေးခပ်ပြီး မျက်စိ၏အနောက်ဘက်ရှိ အမြင်အာရုံခံလွှာ (Retina) ကို စစ်ဆေးလိမ့်မည်။ လိုအပ်ပါက မျက်လုံးအတွင်းပိုင်းရှိ ဖိအားကို တိုင်းတာလိမ့်မည်။
ကုသခြင်း
မျက်စိဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီးလျှင် လူနာ၏ အမြင်အာရုံအခြေအနေပေါ် မူတည်၍ ခွဲစိတ်ကုသမှု ပြုလုပ်လိမ့်မည်။ နေ့စဉ်လုပ်ငန်းဆောင်တာများ မလုပ်နိုင်ခြင်း၊ စာဖတ်ခြင်း၊ ကားမောင်းခြင်း မပြုလုပ်နိုင်လျှင် ခွဲစိတ်ကုသခြင်းကို လက်ခံသင့်သည်။
မျက်စိနှစ်ဖက်လုံးတွင် တစ်ပြိုင်တည်းဖြစ်သည့်အခါ ဦးစားပေးမျက်စိအား ဦးစွာခွဲစိတ်အောင်မြင်ပြီးလျှင် ဒုတိယမျက်စိအား ခွဲစိတ်ရန် ပြင်ဆင်လိမ့်မည်။ ခွဲစိတ်သည့်အခါတွင် တိမ်စွဲနေသော မှန်ဘီလူးကို ခွဲစိတ်ထုတ်ဖယ်လိုက်ပြီး မှန်ဘီလူးအတုကို အစားထိုးတပ်ဆင်ပေးခြင်း ဖြစ်သည်။ အချို့လူနာများတွင် အခြား မျက်စိရောဂါကြောင့် မှန်ဘီလူးအတု အစားထိုးရန်မဖြစ်နိုင်လျှင် တိမ်စွဲနေသောမှန်ဘီလူးကို ထုတ်ပစ်လိုက်ပြီး မျက်မှန် (သို့မဟုတ်) မျက်ကပ်မှန် (Contact lens) တပ်ခြင်းဖြင့် ကုသနိုင်သည်။ အတွင်းတိမ် ခွဲစိတ်ကုသခြင်းသည် ယေဘုယျအားဖြင့် အန္တရာယ်မရှိသောခွဲစိတ်မှု တစ်ခုဖြစ်သည်။ ခွဲစိတ်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း အနာကျက်လေ့ရှိသည်။
ကာကွယ်ခြင်း
မျက်စိအတွင်းတိမ်ရောဂါကို ကြိုတင်ကာကွယ်နိုင်သည်ဟု သိပ္ပံနည်းကျ လေ့လာတွေ့ရှိခြင်း မရှိသေးပေ။ သို့သော် အောက်ပါနည်းလမ်းများဖြင့် အတွင်းတိမ်ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်သည်။
- မျက်စိစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ပါ။ အတွင်းတိမ်ရောဂါသာမက အခြားမျက်စိရောဂါများကို စောစီးစွာ သိရှိကုသနိုင်သည်
- အထက်ဖော်ပြပါ အခံရောဂါများကို စနစ်တကျကုသပါ
- ဆေးလိပ်ဖြတ်ပါ
- အရက်လျှော့သောက်ပါ
- နေရောင်ခြည် စူးရှမှုမှ ကာကွယ်ရန် နေကာမျက်မှန်တပ်ပါ
- အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးပါ
- ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Anti-oxidants) ပါဝင်သည့် ဆေးဝါးများကို ဆရာဝန်ညွှန်ကြားလျှင် သောက်နိုင်သည်
References:
- Cataracts – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 9, 2024, from https://www.mayoclinic.org/diseases-conditions/cataracts/symptoms-causes/syc-20353790
- What are cataracts? (2024). American Academy of Ophthalmology. Retrieved June 9, 2024, from https://www.aao.org/eye-health/diseases/what-are-cataracts
- Cataracts (Age-Related). (2024). Cleveland Clinic. Retrieved June 9, 2024, from https://my.clevelandclinic.org/health/diseases/8589-cataracts-age-related
- Cataract. (n.d.). AOA. Retrieved June 9, 2024, from https://www.aoa.org/healthy-eyes/eye-and-vision-conditions/cataract?sso=y
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.