Diabetes mellitus – long-term Complications (ဆီးချိုရောဂါ၏ နောက်ဆက်တွဲ နာတာရှည် ပြဿနာများ)

Diabetes mellitus – long-term Complications (ဆီးချိုရောဂါ၏ နောက်ဆက်တွဲ နာတာရှည် ပြဿနာများ)

ကမ္ဘာပေါ် ၌ ဆီးချိုရောဂါကို သေချာစွာ ကုသမှုမခံယူသောကြောင့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများကို ခံစားနေရပြီး အသက်ဆုံးရှုံးရသော လူနာများစွာရှိသည်။ ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများသည် နာတာရှည်အနေနှင့် တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်သည်။ ဆီးချိုရောဂါဖြစ်သည့် အချိန်ကာလကြာပြီး သွေးတွင်းသကြားဓာတ်ကို ကောင်းစွာ မထိန်းချုပ်ဘဲထားခြင်းသည် ရောဂါ၏ နောက်ဆက်တွဲပြဿနာများကို ပိုမိုခံစားရ‌စေသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

ဆီးချိုသွေးချိုရောဂါ ခံစားရသည့်အချိန်ကာလ ရှည်ကြာလာသည့်အခါ သွေးတွင်းသကြားဓာတ် မြင့်တက်နေခြင်းကြောင့် သွေးကြောများကို ထိခိုက်ပျက်စီးစေသည်။ ထိုအခါ ခန္ဓာကိုယ်၏ လိုအပ်သည့်အစိတ်အပိုင်းများသို့ သွေးအရောက်နည်းသွားသည်။ ထိုသို့သွေးကြောများ ထိခိုက်ပျက်စီးခြင်းသည် ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် တစ်ပြိုင်တည်း ဖြစ်နိုင်သောကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု ထိခိုက်ပျက်စီးလျှင် အခြားအစိတ်အပိုင်းများတွင်လည်း ထိုသို့ ထိခိုက်ပျက်စီးနေနိုင်သည်။ ထို့ကြောင့် ဆီးချိုရောဂါ ခံစားနေရသူများသည် မိမိ၏ခြေထောက်တွင် ထုံကျဥ်ခြင်း၊ အနာမကျက်ခြင်း စသည်တို့ ခံစားရပါက နှလုံးတွင် နှလုံးသွေးကြောကျဉ်းခြင်း၊ ကျောက်ကပ်တွင် ကျောက်ကပ်အားနည်းခြင်း စသည်ဖြင့် ဖြစ်နေနိုင်သည်ကို သတိပြုသင့်သည်။

နောက်ဆက်တွဲပြဿနာများ

ရေရှည်တွင်ဖြစ်ပေါ်နိုင်သောနောက်ဆက်တွဲပြဿနာများမှာ

(၁) နှလုံးသွေးကြောဆိုင်ရာရောဂါများ
ဆီးချိုရောဂါ နောက်ဆက်တွဲပြဿနာများထဲတွင် အဖြစ်များဆုံးနှင့် အသေအပျောက် အများဆုံးပြဿနာဖြစ်သည်။ နှလုံး သွေးကြောကျဥ်းခြင်း (သို့မဟုတ်) ပိတ်ခြင်းတို့ဖြစ်နိုင်သည်။ ထိုအခါ ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမဝခြင်း၊ နှလုံးအမောဖောက်ခြင်းတို့ ခံစားရသည်။ ထိုလက္ခဏာများခံစားရပါက မိမိ၏ မိသားစုဆရာ၀န်နှင့်တိုင်ပင်ပြီး အီးစီဂျီ (ECG)ဆွဲခြင်း၊ သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်းတို့ ပြုလုပ်၍ ရောဂါရှာဖွေကုသနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ နှလုံးအထူးကုဆရာ၀န်ထံသို့ လွှဲပြောင်းပေးလိမ့်မည်။

(၂) လေဖြတ်ခြင်း၊ လေဖြန်းခြင်း
ဦးနှောက်သွေးကြောပိတ်သည့်အခါ လေဖြတ်ခြင်း၊ လေဖြန်းခြင်းများ ဖြစ်နိုင်သည်။ ထိုအခါ ခန္ဓာကိုယ်တစ်ခြမ်းထဲရှိ မျက်နှာ၊ လက်၊ ခြေထောက် လှုပ်ရှား၍မရခြင်း၊ ထုံကျဥ်ခြင်း၊ စကားပြောရန် ခက်ခဲခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ လမ်းလျှောက်ရန် ခက်ခဲခြင်း အစရှိသည့် လက္ခဏာများ ခံစားရသည်။ အထက်ပါ လက္ခဏာများ ရှိပါက ဆေးရုံသို့ အမြန်ဆုံးသွားပြီး ဦးခေါင်းကို ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT scan)၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)တို့ လိုအပ်နိုင်သည်။ ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့် လေဖြတ်ခြင်းကို ကုသရာတွင် သွေးကြောပွင့်စေသောဆေးများ ထိုးခြင်း၊ သွေးကျဲဆေးများ ပေးခြင်း၊ ပြန်လည်သန်စွမ်းအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ဆရာဝန်ညွှန်ကြားထားသည့် ဆေးဝါးများကို ပုံမှန်သောက်သုံးရန် လိုအပ်သည်။

(၃) ခြေထောက်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
ခြေထောက်သို့သွားသော သွေးစီးဆင်းမှု နည်းသည့်အခါ သို့မဟုတ် ခြေထောက်ရှိ အာရုံကြောများ ထိခိုက်ပျက်စီးသည့်အခါ ခြေထောက်အနာ ဖြစ်လွယ်ခြင်း၊ အနာမကျက်ခြင်း၊ ခြေထောက်ထုံကျဥ်ခြင်း၊ နာကျင်ခြင်း၊ ခြေထောက်အရေပြား အရောင်ပြောင်းခြင်းတို့ ဖြစ်ပေါ်လာသည်။ အဆိုပါလက္ခဏာများရှိလျှင် မိသားစုဆရာ၀န်နှင့် ပြသပြီး ခြေထောက်ကို စစ်ဆေးခြင်း၊ ခြေထောက် ထုံကျဉ်ခြင်း ရှိမရှိ စမ်းသပ်ခြင်းတို့ကို ပြုလုပ်ပေးလိမ့်မည်။ လိုအပ်လျှင် သွေးစစ်ခြင်း၊ ခြေထောက်ဓာတ်မှန် (X-ray) (သို့မဟုတ်) သံလိုက် ဓာတ်မှန်ရိုက်ခြင်း (MRI) စသည်တို့ ပြုလုပ်နိုင်သည်။
ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာကို ကုသရာတွင် အနာကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပြည်များ၊ အရည်များရှိပါက ဖောက်ထုတ်ခြင်း၊ ပိုးဝင်နေသော အသားအပိုင်းများကို ဖြတ်ထုတ်ခြင်း၊ ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်း စသည်တို့ဖြင့် ကုသရသည်။

(၄) မျက်စိထိခိုက်ပျက်စီးခြင်း
မျက်စိမြင်လွှာရှိ သွေးကြောများ ထိခိုက်ပျက်စီးခြင်းနှင့် အတွင်းတိမ်ရောဂါ (cataract)များကြောင့် အမြင်အာရုံချို့ယွင်းခြင်း ဖြစ်နိုင်သည်။ မျက်စိအထူးကုဆရာဝန်မှ မျက်စိကို သေချာစွာစစ်ဆေးခြင်း၊ Fluorescein ဆိုးဆေးသုံး၍ မျက်လုံးသွေးကြော ပုံရိပ်ဖော်စစ်ဆေးခြင်း (Fluorescein angiography) စသည်တို့ ပြုလုပ်နိုင်သည်။ မျက်စိအထူးကုဆရာဝန်နှင့် တိုင်ပင်၍ လေဆာဖြင့်ကုသခြင်းနှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးခြင်းတို့ ပြုလုပ်ရသည်။

(၅) ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း
ကျောက်ကပ်သို့သွားသော သွေးကြောများ ထိခိုက်ပျက်စီးပြီး ကျောက်ကပ်ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သည့်အခါ သွေးတိုးခြင်း၊ ခြေထောက်နှင့် မျက်လုံးတစ်ဝိုက် ဖောရောင်ခြင်း ၊ အစာစားချင်စိတ်မရှိခြင်း၊ ယားယံခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း အစရှိသည့် လက္ခဏာများဖြစ်ပေါ်လာသည်။
ထိုလက္ခဏာများရှိလျှင် မိသားစုဆရာ၀န်များမှ သွေးတွင်း ကျောက်ကပ်ဓာတ် (Creatinine) စစ်ဆေးခြင်း၊ ဆီးတွင်း အသားဓာတ် (protein) စစ်ဆေးခြင်း၊ အာထရာဆောင်းရိုက်ခြင်း စသည်တို့ ပြုလုပ်ပေးလိမ့်သည်။ မိသားစုဆရာ၀န်များမှ သွေးပေါင်ချိန်ထိန်းခြင်း၊ သွေးတွင်းသကြားဓာတ်ထိန်းခြင်းများ ပြုလုပ်ပေးပြီး လိုအပ်ပါက ကျောက်ကပ်အထူးကုဆရာ၀န်များထံသို့ လွှဲပြောင်းပေး၍ ကျောက်ကပ်ဆေးခြင်းဖြင့် ကုသရနိုင်သည်။

(၆) အာရုံကြောဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
အာရုံကြောသို့ သွေးပို့သည့် သွေးကြောများပျက်စီးသည့်အခါ အာရုံကြောများပါ ထိခိုက်ပျက်စီးနိုင်သည်။ ထိုအခါ အောက်ပါ လက္ခဏာများ ခံစားရသည်။

  • ခြေထောက်နှင့်လက်သို့ သွားသော သွေးကြောနှင့်အာရုံကြောများ ထိခိုက်ပြီး ခြေလက်များထုံကျဉ်ခြင်း၊ မီးစနှင့်ထိုးသကဲ့သို့ ပူခြင်း၊ နာခြင်း၊ ကြွက်သားများ အားနည်းခြင်း
  • အစာခြေခြင်းဆိုင်ရာအာရုံကြော ထိခိုက်ပြီး ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း (သို့မဟုတ်) ဝမ်းချုပ်ခြင်း၊ အစာမျိုရခက်ခြင်း
  • ထိုင်ရာမှထလိုက်လျှင် သွေးပေါင်ချိန်ကျပြီး ခေါင်းမူးခြင်း
  • ဆီးသွားရခက်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းနှင့် မကြာခဏ ဆီးပိုးဝင်ခြင်း
  • အမျိုးသားများတွင် ပန်းသေပန်းညှိုးဖြစ်ခြင်း၊ အမျိုးသမီးများတွင် အမျိုးသမီးအဂႅါခြောက်သွေ့ခြင်း
Diabetes long term complications image 1

အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများ သက်သာစေရန်နှင့် ရောဂါ ပို၍မဆိုးစေရန် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင်ထိန်းခြင်း လိုအပ်သည်။ အာရုံကြောဆိုင်ရာ နာကျင်မှုနှင့် အခြားသောလက္ခဏာများကို သက်သာစေသော ဆေးများကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း သောက်သုံးနိုင်သည်။

(၇) ကိုယ်ခံအားနည်းသောကြောင့် ‌ရောဂါပိုး အ၀င်လွယ်ခြင်း
ဆီးချိုလူနာများသည် သာမန်လူထက် ရောဂါပိုး ပို၍ကူးစက်လွယ်သည်။ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုးမျိုးစုံ ကူးစက်နိုင်သဖြင့် မိမိကျန်းမာရေးကို ဂရုစိုက်ရန် လိုအပ်သည်။ ပိုး၀င်သည်ဟု ယူဆပါက မိမိ၏ မိသားစုဆရာ၀န်နှင့် တိုင်ပင်ပြီး လိုအပ်လျှင် ပဋိဇီ၀ပိုးသတ်ဆေးများကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း ရက်ပြည့်အောင်သောက်ပါ။ ရောဂါပိုး၀င်ခြင်းမှ ကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ၊ ကျန်းမာရေးနှင့် ညီညွတ်သော၊ အာဟာရမျှတသည့် အစားအသောက်များကို စားပါ။ အိပ်‌ရေး၀အောင်အိပ်ရန် အ‌ရေးကြီးသည်။

(၈) အရေပြား နောက်ဆက်တွဲပြဿနာများ
ဆီးချိုလူနာများသည် သာမန်လူထက် အရေပြားရောဂါပိုးဝင်ရန် လွယ်ကူသည်။ အရေပြားမှိုစွဲခြင်း၊ ပြည်တည်နာဖြစ်ခြင်းနှင့် အခြားအနာဖြစ်ခြင်းများရှိပါက ဆောလျင်စွာကုသရန် အရေးကြီးသည်။ အရေပြားယားယံခြင်း၊ အရေပြားတွင် အနာ၊ အကွက်ပေါ်ခြင်းတို့ဖြစ်လျှင် မိမိ၏ မိသားစုဆရာ၀န်နှင့် တိုင်ပင်ပါ။ လိုအပ်လျှင် မိသားစုဆရာဝန်မှ အ‌ရေပြားအထူးကု ဆရာ၀န်များထံ လွှဲပြောင်းကုသပေးလိမ့်မည်။

(၉) ခံတွင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
ဆီးချိုလူနာများအနေနှင့် ခံတွင်းခြောက်ခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်း၊ ခံတွင်းမှိုစွဲခြင်း (လျှာ၊ အာခေါင်၊ ပါးစောင်များတွင် အဖြူဖတ်ဖြစ်ခြင်း)၊ ခံတွင်းအနာဖြစ်ခြင်းတို့ ဖြစ်ပေါ်လျှင် မိမိ၏ မိသားစုဆရာ၀န်နှင့် တိုင်ပင်ကုသပါ။ လိုအပ်ပါက သွားနှင့်ခံတွင်းဆရာဝန်များထံသို့ လွှဲပြောင်းကုသပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

လူတစ်ဦးသည် ဆီးချိုရောဂါရှိသည်နှင့်တစ်ပြိုင်နက် ဆရာဝန်ပြသရာတွင် အထက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ရှိမရှိကို ရှာဖွေကုသရန် အလွန်အရေးကြီးသည်။ ရောဂါရှာဖွေရန် ဆရာဝန်မှ ဆက်စပ်ရောဂါရာဇ၀င်ကို သေချာစွာ မေးမြန်းခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ရသည်။ အချို့နောက်ဆက်တွဲပြဿနာများကို လက္ခဏာများမပေါ်မီ ဆောလျင်စွာ သိရှိနိုင်ရန် သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ နှလုံးအီးစီဂျီ စစ်ဆေးခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ မျက်စိအမြင်လွှာ ဓာတ်ပုံရိုက်ခြင်းတို့ကို လိုအပ်သလို စစ်ဆေးနိုင်သည်။

ကာကွယ်ကုသခြင်း

ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများသည် မဖြစ်ခင်က ကြိုတင်ကာကွယ်၍ ရနိုင်သည်။ ဖြစ်ပြီးသွားလျှင် ပျောက်ကင်းအောင် ကုသ၍ မရပါ။ ထို့ကြောင့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လုပ်ဆောင်နိုင်သည်။

  1. ဆီးချိုဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သေချာစွာသောက်သုံး၍ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ရောက်အောင် ထိန်းသိမ်းပါ။ မိမိ၏သကြားဓာတ်ကို အိမ်တွင် ပုံမှန်စစ်ဆေး၍ မှတ်သားထားရမည်။ ပုံမှန်မဟုတ်ဘဲ များလျှင်သော်လည်းကောင်း၊ နည်းလျှင်သော်လည်းကောင်း ဆရာ၀န်နှင့် တိုင်ပင်ဆွေးနွေးပါ
  2. ဆေးလိပ် (လုံးဝ) မသောက်ရပါ
  3. သွေးပေါင်ချိန်နှင့် သွေးတွင်း ကိုလက်စထရောကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါ
  4. မိသားစုဆရာဝန် (သို့မဟုတ်) အထူးကုဆရာဝန်နှင့် ရက်ချိန်းပုံမှန် ပြသပြီး လိုအပ်သည့် စစ်ဆေးချက်များကို အချိန်မှန်ပြုလုပ်ပါ
  5. မျက်စိကို ပုံမှန် စမ်းသပ်စစ်ဆေးပါ
  6. မိမိ၏ ခြေထောက်ကို သေချာဂရုစိုက်ပါ၊ ခြေထောက်ကို သေချာဆေးကြောခြင်း၊ ခြေထောက် အရေပြား မခြောက်သွေ့စေရန် အလှဆီလိမ်းပေးခြင်း၊ မိမိခြေထောက်တွင် အနာ၊ အရည်ကြည်ဖု၊ ရောင်ရမ်းခြင်းများ ရှိမရှိ နေ့စဉ်စစ်ဆေးခြင်း၊ အနာများ ကောင်းကောင်းမကျက်ပါက ဆရာဝန်နှင့် ပြသခြင်းတို့ကို ပြုလုပ်ပါ
  7. မိမိ၏ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ
  8. အရက်သောက်သုံးခြင်းကို အတတ်နိုင်ဆုံး လျှေ့ာချပါ
  9. စိတ်ဖိစီးမှုများကို လျှော့ချပါ
  10. ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ၊ တစ်ရက်လျှင် အနည်းဆုံး မိနစ် (၃၀) ခန့်၊ တစ်ပတ်တွင် (၅) ရက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ
  11. ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားပါ၊ အချိုဓာတ်လွန်ကဲသည့် အစားအစာ၊ အဆီများသော အစားအစာများကို ရှောင်ကြဉ်ပါ

ဆီးချိုရောဂါနှင့်ပတ်သက်၍ ဆက်လက်ဖတ်ရှုရန်

Diabetes Mellitus – Diagnosis – ဆီးချို၊ သွေးချိုရောဂါဟု သတ်မှတ်ခြင်း
Diabetes Mellitus – Acute emergencies – ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ
Diabetic foot – ဆီးချိုကြောင့် ဖြစ်သည့် ခြေထောက်အနာများ
Diabetes Mellitus – Injectable treatments – ဆီးချိုရောဂါတွင် အသုံးပြုသောထိုးဆေးကုထုံးများ
Diabetes Mellitus – Oral hypoglycemic agents – ဆီးချိုရောဂါတွင် အသုံးပြုသည့် သောက်ဆေးများ
Type 1 Diabetes in children – အမျိုးအစား (၁) ဆီးချို (ကလေးဆီးချိုရောဂါ)

References:

  1. Diabetes – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 7, 2024, from https://www.mayoclinic.org/diseases-conditions/diabetes/symptoms-causes/syc-20371444
  2. Diabetic neuropathy – Diagnosis & treatment – Mayo Clinic. (2022). Mayo Clinic. Retrieved June 7, 2024, from https://www.mayoclinic.org/diseases-conditions/diabetic-neuropathy/diagnosis-treatment/drc-20371587
  3. Diabetic nephropathy (kidney disease) – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 7, 2024, from https://www.mayoclinic.org/diseases-conditions/diabetic-nephropathy/diagnosis-treatment/drc-20354562
  4. Diabetes care: 10 ways to avoid complications. (2023). Mayo Clinic. Retrieved June 7, 2024, from https://www.mayoclinic.org/diseases-conditions/diabetes/in-depth/diabetes-management/art-20045803
  5. Lower Your Risk of Diabetes Complications | ADA. (n.d.). Retrieved June 7, 2024, from https://diabetes.org/about-diabetes/complications

Published: 30 August 2024

Share

30 August 2024
Last Medically reviewed on:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.