ကိုယ်၀န်ဆောင်မိခင် ခြောက်ဆယ်တွင် တစ်ဦးသည် အမြွှာကိုယ်၀န်ဆောင်ခြင်း ရှိတတ်သည်။ သန္ဓေသား နှစ်ယောက် (သို့မဟုတ်) နှစ်ယောက်နှင့်အထက် ကိုယ်၀န်ဆောင်ခြင်းဖြစ်နိုင်သည်။ အမြွှာများသည် ရုပ်ချင်းဆင်တူနိုင်သကဲ့သို့ ရုပ်ချင်းမတူသည်လည်း ဖြစ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရုပ်တူအမြွှာများသည် မိခင်မျိုးဥတစ်ခုတည်းမှ သန္ဓေအောင်လာကြပြီးနောက် သန္ဓေသား နှစ်ယောက် (သို့မဟုတ်) သုံးယောက်စသည်ဖြင့် ဖြစ်ထွန်းလာကြခြင်းဖြစ်သည်။ ရုပ်ချင်းဆင်တူရုံမက မျိုးရိုးဗီဇနှင့် လိင်အမျိုးအစားတူညီစွာ [ဥပမာ_ အမြွှာယောက်ျားလေး နှစ်ယောက် (သို့မဟုတ်) အမြွှာမိန်းကလေး နှစ်ယောက်] မွေးဖွားတတ်ကြသည်။
ရုပ်ချင်းမတူသောအမြွှာများသည် မိခင်၏ ကွဲပြားသောမျိုးဥတစ်ခုစီမှ သန္ဓေအောင်ခဲ့ကြခြင်းဖြစ်သည်။ မျိုးရိုးဗီဇကွဲပြားရုံမက လိင်အမျိုးအစား (ဥပမာ_အမြွှာယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်)လည်း ကွဲပြားနိုင်သည်။
အမြွှာကိုယ်၀န်၏လက္ခဏာများ
ကိုယ်၀န်လနုစဉ် ဖြစ်တတ်သော ပျို့ခြင်း၊ အန်ခြင်း၊ ရင်ပူခြင်း၊ မူးဝေခြင်းတို့သည် သန္ဓေသားတစ်ဦးတည်းကို ကိုယ်ဝန်ဆောင်ရစဉ် ခံစားရသောလက္ခဏာများထက် အမြွှာကိုယ်ဝန်တွင် ပို၍ခံစားနိုင်ရသည့်အပြင် ကိုယ်လက်လေးလံခြင်း၊ ခါးနာခြင်း၊ မောပန်းခြင်း၊ သွေးပြန်ကြောထုံးခြင်း စသည်တို့ကိုပါ ခံစားရနိုင်သည်။ ထို့ပြင် အမြွှာကိုယ်ဝန်တွင် ကလေးများအတွက် သံဓာတ်လိုအပ်မှု မြင့်မားလာတတ်၍ သွေးအားနည်းခြင်း ဖြစ်နိုင်သည်။ ထိုအခြေအနေများတွင် မိမိ၏ မိသားစုဆရာ၀န်နှင့် ဆွေးနွေးတိုင်ပင်ပြီး သက်သာစေရန် လိုအပ်သော ကုသမှုများကို ခံယူနိုင်သည်။ လိုအပ်သော သွေးစစ်ဆေးမှုများပြုလုပ်ပြီး သံဓာတ်အားဖြည့်ဆေးများ လိုအပ်ပါက သောက်သုံးပေးရမည်။
နောက်ဆက်တွဲပြဿနာများ
အမြွှာကိုယ်၀န်ဆောင်ထားစဉ် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- ကိုယ်၀န်ဆိပ်တက်ခြင်း – အများဆုံးဖြစ်နိုင်ခြေရှိသည်
- ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါဖြစ်ခြင်း (Gestational Diabetes) – အမြွှာကိုယ်ဝန်တွင် အဖြစ်များတတ်သည်၊ သွေးတွင်းသကြားဓာတ်တက်ခြင်းကြောင့် မိခင်နှင့်ကလေးများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်
- လမစေ့မီမွေးဖွားခြင်း – အမြွှာကိုယ်၀န် (၁၀)ယောက်တွင် (၆)ယောက်သည် (၃၇) ပတ်မတိုင်မီ မွေးဖွားတတ်ကြသည်၊ လမစေ့ဘဲ မွေးဖွားသည့် ကလေးများသည် အသက်ရှူခက်ခဲခြင်း၊ ရောဂါပိုး၀င်ခြင်း၊ နို့တိုက်ရာတွင် ခက်ခဲခြင်းများ ရှိနိုင်သည်
- ကလေးကြီးထွားမှုနှေးခြင်း – အမြွှာကိုယ်၀န်ဆောင်များအား ကလေးအချင်းမှ အစာထောက်ပံ့မှု ကောင်းစွာမလုပ်ပေးနိုင်လျှင် ကလေး တစ်ဦး (သို့မဟုတ်) နှစ်ဦးစလုံး၌ ကြီးထွားမှု နှေးကွေးနေတတ်သည်
- ကလေးမွေးဖွားပြီးချိန်တွင် သွေးသွန်ခြင်းသည် မိခင်အတွက် အသက်အန္တရာယ်ရှိနိုင်၍ အလွန်အရေးကြီးသော သတိထားရမည့်အချက် ဖြစ်သည်
- ကလေးမွေးဖွားပြီးနောက် မိခင်တွင် စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ၀မ်းနည်းနေခြင်း၊ စိတ်နောက်ကျိခြင်း စသည်ဖြင့် ခံစားနေရတတ်သည်
အမြွှာကိုယ်ဝန်ဖြစ်ကြောင်း ရှာဖွေစမ်းသပ်ခြင်း
အမြွှာကိုယ်၀န်ဆောင်ထားလျှင် ဆရာ၀န်မှ ကိုယ်၀န်ပထမသုံးလအတွင်း အာထရာဆောင်း (USG) ရိုက်ရန် ညွှန်ကြားလိမ့်မည်။ USG တွင် အမြွှာကလေးများသည် အချင်းတစ်ခုတည်းကို အသုံးပြုခြင်း သို့မဟုတ် ကလေးတစ်ဦးစီက ကိုယ်ပိုင်အချင်းကို အသုံးပြုခြင်းတို့အပြင် ကလေးများ ရေမြွှာအိတ်တစ်ခုတည်း၌ ရှိနေခြင်း သို့မဟုတ် ကိုယ်ပိုင်ရေမြွှာအိတ်တစ်ခုစီ၌ သီးသန့်စီရှိနေခြင်းကို သေချာစွာ ခွဲခြားတွေ့ရှိနိုင်မည် ဖြစ်သည်။ ရေမြွှာအိတ်နှင့်အချင်း တည်ရှိပုံကို ကြည့်၍ အမြွှာလေးများသည် ရုပ်တူ၊ ရုပ်မတူ အမြွှာလေးများဖြစ်သည်ဟု ခွဲခြားနိုင်မည်။
ကိုယ်ဝန်ဆောင်စဉ် ပြုစုစောင့်ရှောက်ခြင်း
အမြွှာကိုယ်၀န်ဆောင်မိခင်နှင့်ကလေးများ၏ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ကိုယ်၀န်ဆောင်စောင့်ရှောက်မှုသည် ပုံမှန်ထက် ပိုမိုလိုအပ်နိုင်သည်။ ကိုယ်၀န်ဆောင်စောင့်ရှောက်မှု ခံယူနေစဉ်ကာလအတွင်း ညွှန်ကြားချက်အတိုင်း သွေးပေါင်ချိန်ခြင်း၊ ဆီးစစ်ခြင်းများ ပြုလုပ်ရမည်။ ကိုယ်ဝန်ဆိပ်တက်သူများနှင့် ကိုယ်ဝန်ဆောင်စဉ် သွေးချိုတက်သူများကို သားဖွားမီးယပ်ဆရာဝန်များနှင့်အတူ သမားတော်များမှ ကျန်းမာရေး စောင့်ရှောက်မှုပေးမည်ဖြစ်သည်။ ကလေးတွင် ဒေါင်းလက္ခဏာစု ပါမပါ စစ်ဆေးခြင်း (Down Syndrome screening)ကို ကိုယ်၀န် (၁၂ – ၁၄) ပတ်အတွင်း ပုံမှန်စစ်ဆေးနေကြအတိုင်း ပြုလုပ်နိုင်သည်။ ကိုယ်၀န် (၂၀)ပတ်ခန့်တွင် မွေးရာပါချို့ယွင်းမှု ရှိမရှိကို အာထရာဆောင်း (USG) ရိုက်၍ စစ်ဆေးရမည်။ ကြီးထွားမှုနှေးကွေးသော အမြွှာကိုယ်ဝန်ဆောင်များကို သင်၏ ဆရာ၀န်မှ (၂)ပတ် တစ်ခါ သို့မဟုတ် (၄)ပတ် တစ်ခါ အာထရာဆောင်း (USG) ရိုက်ရန် အကြံပြုလိမ့်မည်။
အမြွှာကိုယ်ဝန်ကို မွေးဖွားခြင်း
ကိုယ်ဝန်ဆောင်မိခင်များသည် ၎င်းတို့၏အမြွှာကလေးများကို သေချာစွာစောင့်ရှောက်မှုပေးနိုင်မည့် ဆေးရုံ၊ ဆေးခန်းများတွင်သာ မွေးဖွားရန် သင့်လျော်သည်။ ကလေးများ၏ ရေမြွှာအိတ်တစ်ခုတည်း (သို့မဟုတ်) တစ်ခုစီ ဖြစ်ခြင်းပေါ်တွင် မူတည်ပြီး မွေးဖွားသင့်သောရက်ကို ဆရာ၀န်က အကြံပြုပါလိမ့်မည်။ ကလေးများကို သဘာ၀အတိုင်းမွေးမည် သို့မဟုတ် ခွဲစိတ်မွေးမည်ကို ဆရာ၀န်နှင့် ကြိုတင်ဆွေးနွေးတိုင်ပင်ထားရမည်။ ကလေးများကို မည်ကဲ့သို့ မွေးဖွားရမည်ကို စဉ်းစားဆုံးဖြတ်ရာတွင်_
- ကလေးများ၏အနေအထား
- သားအိမ်၀နှင့် အနီးဆုံးတွင်ရှိနေသော ကလေး၏ ဦးတိုက်ပိုင်း [ဦးခေါင်းပိုင်း (သို့မဟုတ်) တင်ပါးဆုံပိုင်း]
- ကလေးများ၏ ကြီးထွားမှုနှုန်း
- ကိုယ်၀န်ဆောင်စဉ် ပြဿနာများ (ဥပမာ – ကိုယ်၀န်ဆိပ်တက်ခြင်း)
- မိမိကိုယ်တိုင် ရွေးချယ်မွေးဖွားလိုမှု စသည့် အချက်များကို ထည့်သွင်းစဉ်းစားရမည်။
ကလေးမွေးဖွားချိန်တွင် မိခင်နှင့် ကလေးများ၏ ကျန်းမာရေး အခြေအနေပေါ် မူတည်၍ ခွဲစိတ်မွေးဖွားရခြင်း၊ ညှပ်ဆွဲ၊ လေစုပ်မွေးဖွားရခြင်းများ ရှိတတ်သည်။ သတ်မှတ်ထားသော မွေးဖွားရက်မတိုင်မီ ဗိုက်နာလျှင်လည်း ဆေးရုံ၊ ဆေးခန်းသို့ အရေးပေါ်သွားရောက်ရမည်။
အမြွှာကိုယ်ဝန် မွေးဖွားပြီးနောက် ပြုစုစောင့်ရှောက်ခြင်း
ကလေးများကို မွေးပြီးပြီးချင်းမှာပင် သက်ဆိုင်ရာကလေးဆရာ၀န်မှ ကလေးများကို ကြည့်ရှုပေးမည်။ ကလေးများကို နို့တိုက်ရာတွင် ကလေးတစ်ဦးထက်ပိုပြီး နို့တိုက်ကျွေးရမည်ဖြစ်၍ မိခင်နို့တိုက်ကျွေးသည်ဖြစ်စေ၊ နို့မှုန့် (Formula Milk) တိုက်ကျွေးသည်ဖြစ်စေ မိခင်ကို ကူညီမည့်သူ ရှိသင့်သည်။ အကယ်၍ နို့တိုက်ကျွေးခြင်းတွင် အကူအညီလိုအပ်ပါက၊ အခက်အခဲရှိပါက ဆရာ၀န်ထံ ဆက်သွယ်မေးမြန်း၍ အကြံဉာဏ်တောင်းနိုင်သည်။ လမစေ့မီ မွေးဖွားသော အမြွှာကလေးများသည် နောက်ဆက်တွဲ ပြဿနာများ ပိုမိုတွေ့ကြုံနိုင်၍ မွေးကင်းစအထူးကြပ်မတ်ကုသဆောင်တွင် အချိန်အတန်ကြာစောင့်ကြည့်၍ ကုသမှုခံယူရန် တစ်ခါတစ်ရံ လိုအပ်နိုင်သည်။ ကလေးမွေးဖွားပြီးနောက် မိခင်တွင် စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ၀မ်းနည်းနေခြင်း၊ စိတ်နောက်ကျိခြင်းများ ခံစားနေရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်နိုင်သည်။
အမြွှာကိုယ်ဝန်နှင့် ၎င်း၏ဆိုးကျိုးများကို ကာကွယ်ခြင်း
အမြွှာကိုယ်၀န်မွေးဖွားခြင်းသည် သန္ဓေသားတစ်ဦးတည်း မွေးဖွားခြင်းနှင့် နှိုင်းယှဉ်ပါက ကလေးမွေးပြီးပြဿနာများ (ဥပမာ _မွေးပြီးသွေးသွန်ခြင်း၊ အချင်းကပ်ခြင်း) ပိုမိုဖြစ်နိုင်ခြေရှိသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှုကို မိသားစုဆရာဝန်၊ သားဖွားမီးယပ်ဆရာဝန်များနှင့် သေချာရယူ၍ ဖြစ်နိုင်ခြေရှိတတ်သော အန္တရာယ်များကို ကာကွယ်မှုပြုသင့်သည်။
အမြွှာကလေးများကို တစ်ဦးတည်းမွေးသည့် ကလေးများကဲ့သို့ပင် စောင့်ရှောက်နိုင်သည်။ မိခင်များအနေဖြင့်လည်း စိတ်ရောလူပါ ကျန်းမာစေရန်အတွက် ပိုမိုအနားယူခြင်း၊ မိသားစုနှင့်မိတ်ဆွေများထံမှ အထောက်အပံ့များ (support) ပိုမိုရယူခြင်းများ ပြုလုပ်သင့်သည်။
References:
- Multiple Pregnancy. (n.d.). ACOG. Retrieved July 2, 2024, from https://www.acog.org/womens-health/faqs/multiple-pregnancy
- Professional, C. C. M. (2024). Twin Pregnancy. Cleveland Clinic. Retrieved July 2, 2024, from https://my.clevelandclinic.org/health/articles/23158-twin-pregnancy
- Professional, C. C. M. (2024). Expecting Twins or Triplets. Cleveland Clinic. Retrieved July 2, 2024, from https://my.clevelandclinic.org/health/articles/9710-expecting-twins-or-triplets
- Twin pregnancy: What twins or multiples mean for mom. (2022). Mayo Clinic. Retrieved July 2, 2024, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/twin-pregnancy/art-20048161
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.