သိုင်းရွိုက်ဂလင်းသည် လူ့ခန္ဓာကိုယ်တွင် လည်ပင်း၏ အရှေ့ဘက်တွင်ရှိပြီး သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ်ပေးသည်။ ထိုသိုင်းရွိုက်ဟော်မုန်းသည် မွေးကင်းစကလေးငယ်၏ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုတို့အတွက် မရှိမဖြစ်လိုအပ်သည်။ မွေးရာပါ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့သောရောဂါသည် မွေးကင်းစကလေး (၃၀၀၀-၄၀၀၀)တွင် တစ်ယောက် ဖြစ်နိုင်ခြေရှိသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မွေးရာပါ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့သောရောဂါဖြစ်စေသည့် အကြောင်းရင်းများမှာ ကလေးတွင် –
- သိုင်းရွိုက်အကျိတ် ကောင်းစွာမဖွံ့ဖြိုးခြင်း သို့မဟုတ် အရွယ်အစားသေးငယ်နေခြင်း
- သိုင်းရွိုက်အကျိတ် ပုံမှန်ရှိရမည့်နေရာတွင်မရှိခြင်း
- သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်သည့်လုပ်ငန်းစဉ် ပုံမှန်မဟုတ်ခြင်း
- သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရန် ထပ်ဆင့်လှုံ့ဆော်ပေးသည့် ဦးနှောက်မှ ဟော်မုန်းအထွက်နည်းခြင်းတို့အပြင်
- ကိုယ်ဝန်ဆောင်မိခင်တွင် သိုင်းရွိုက်ရောဂါရှိခြင်း၊ သိုင်းရွိုက်ဆေးများသောက်သုံးနေရခြင်း၊ အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်း စသည်တို့ကြောင့် ဖြစ်သည်။
ရောဂါလက္ခဏာများ
မွေးရာပါ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသောလက္ခဏာများသည် မွေးကင်းစအရွယ် (အထူးသဖြင့် မွေးပြီးတစ်ပတ်အတွင်း) သိသာထင်ရှားခြင်းမရှိပါ။ သို့ရာတွင် ရောဂါပြင်းထန်သည့် မွေးကင်းစကလေးအချို့တွင်
- နို့ကောင်းကောင်းမစို့ခြင်း
- အလွန်အမင်းအိပ်နေခြင်း
- လှုပ်ရှားမှုနည်းပါးခြင်း
- ဝမ်းချုပ်ခြင်း
- မွေးပြီး နှစ်ပတ်ကျော်အထိ အသားဝါခြင်း စသောလက္ခဏာများကို တွေ့ရတတ်သည်။
စောစီးစွာမကုသမိလျှင် ပေါ်လာသည့် လက္ခဏာများမှာ –
- ငယ်ထိပ်နောက်ကျပိတ်ခြင်း
- မျက်နှာဖေါင်း၍ ကြမ်းတမ်းခြင်း
- အရေပြား ကြမ်းတမ်းခြင်း
- လျှာကြီးနေခြင်း
- ကြွက်သားများ ပျော့ခြင်း
- ချက်စူထွက်ခြင်း
- အသံဝင်လာခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
မွေးရာပါ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့သောရောဂါကို အချိန်မီကုသမှုမရရှိပါက ကလေး၏ တစ်သက်လုံး အသိဥာဏ်ဖွံဖြိုးမှုနှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု သိသိသာသာ နောက်ကျသွားမည်ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မွေးကင်းစကလေးများတွင် အထက်ပါလက္ခဏာများ ပေါ်ပေါက်လာပါက မိမိ၏ မိသားစုဆရာဝန် (သို့မဟုတ်) ကလေးအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်ရန်လိုသည်။ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။
ရောဂါရှာဖွေခြင်း
မွေးရာပါ သိုင်းရွိုက်ဟော်မုန်းချို့တဲ့သည့်ရောဂါကို တိကျစွာ သိရှိနိုင်ရန် TSH (Thyroid Stimulating Hormone )နှင့် Free T4 (Free Thyroxine) ဟုခေါ်သော သိုင်းရွိုက်ဆိုင်ရာ ဟော်မုန်းနှစ်မျိုးကို စစ်ဆေး နိုင်သည်။ ထိုဟော်မုန်းနှစ်မျိုးကို မွေးကင်းစကလေးများတွင် အရေးကြီးရောဂါများကို ကြိုတင်စမ်းသပ်ရှာဖွေခြင်း (Newborn screening)၏ အစိတ်အပိုင်းတစ်ခုအဖြစ်လည်း စစ်ဆေးနိုင်သည်။ မွေးရာပါ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့သည့်ရောဂါတွင် အတွေ့ရအများဆုံးအဖြေမှာ TSH ဟော်မုန်း မြင့်တက်နေခြင်းနှင့် Free T4 ဟော်မုန်း လျော့ကျနေခြင်းတို့ ဖြစ်သည်။
ကုသခြင်း
အကယ်၍ ကလေးငယ်သည် သိုင်းရွိုက်ဟော်မုန်းချို့တဲ့ပါက Levothyroxine ဟုခေါ်သော သိုင်းရွိုက် ဟော်မုန်းဆေးကို မွေးကင်းစမှစ၍ နေ့စဉ်သောက်သုံးရန် လိုသည်။ ဆေးကို တစ်နေ့တစ်ကြိမ် ဆေးပမာဏ မှန်ကန်စွာ သောက်သုံးရန် အလွန်အရေးကြီးသည်။ ဆေးသောက်နေစဉ် ဆေးအာနိသင် ရှိမရှိ၊ ဆေးတိုးရန် သို့မဟုတ် လျှော့ရန်အတွက် လိုအပ်သော စစ်ဆေးမှုများ (ကလေးကို စမ်းသပ်ခြင်း၊ သွေးစစ်ခြင်း)ကို ပုံမှန်ဆက်လက်ပြုလုပ်ရသည်။ အများစုတွင် သိုင်းရွိုက်ဟော်မုန်းဆေးကို တစ်သက်လုံး သောက်ရန်လိုသည်။ သို့သော် တချို့သောအခြေအနေများ (ဥပမာ – မိခင်တွင် သိုင်းရွိုက်ရောဂါရှိခြင်း၊ သိုင်းရွိုက်ဆေးများ သောက်သုံးနေရခြင်း၊ အိုင်အိုဒင်းဓာတ်ချို့တဲ့ခြင်း) စသည်တို့တွင် လအနည်းငယ်သာ သောက်ရန်လိုသည်။
ကာကွယ်ခြင်း
မွေးရာပါ သိုင်းရွိုက်ဟော်မုန်းချို့တဲ့သော ရောဂါအချို့ကို ကာကွယ်၍ မရသော်လည်း အောက်ပါ အကြံပြုချက်များကို လိုက်နာသင့်သည်။
- ကိုယ်ဝန်ဆောင်မိခင်သည် အာဟာရ စုံလင်စွာစားရန်နှင့် အိုင်အိုဒင်းဆား စားသုံးရန်
- ကိုယ်ဝန်ဆောင်မိခင်တွင် သိုင်းရွိုက်ရောဂါရှိပါက (သို့မဟုတ်) သိုင်းရွိုက်ဆေးများ သောက်သုံးနေပါက သက်ဆိုင်ရာ ဟော်မုန်းအထူးကုများနှင့် ပြသတိုင်ပင်ရန်
- မွေးကင်းစကလေးတိုင်းကို TSH (Thyroid Stimulating Hormone )နှင့် Free T4 (Free Thyroxine) တို့ကို စောစီးစွာ စစ်ပြီး မွေးရာပါသိုင်းရွိုက် ဟော်မုန်းချို့တဲ့သည့်ရောဂါရှိမရှိ စစ်ဆေးရန်
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.