Ectopic pregnancy (သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း)

Ectopic pregnancy (သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း)

သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းဆိုသည်မှာ သန္ဓေအောင်ထားသောမျိုးဥ (fertilized ovum)သည် သားအိမ်၏ပြင်ပ ပုံမှန်မဟုတ်သည့်နေရာတွင် သန္ဓေတည်ခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁၀၀)တွင် (၂)ဦး၌ ထိုသို့နေရာမှားယွင်းပြီး သန္ဓေတည်တတ်သည်။ သားအိမ်ပြင်ပတွင် သန္ဓေတည်သူ (၉၀%) သည် သားဥပြွန်တွင် သန္ဓေတည်တတ်ပြီး ကျန် (၁၀%) သည် ဥအိမ်၊ သားအိမ်ခေါင်း၊ ကလေးခွဲမွေးထားသော ချုပ်ရိုး (cesarean section scar)နှင့် သားအိမ်ပြင်ပ ဝမ်းဗိုက်အတွင်းတွင် သန္ဓေတည်လေ့ရှိသည်။

သားအိမ်ပြင်ပတွင်တည်သော သန္ဓေသားအိတ်လုံး ပေါက်သွားပါက ဝမ်းဗိုက်အတွင်း သွေးထွက်လွန်၍ အသက်အန္တရာယ် ဖြစ်စေတတ်သည်။ ဝမ်းဗိုက်ခေါင်းအတွင်း သန္ဓေတည်ခြင်း (Abdominal pregnancy) ပေါက်သွားပါက ပို၍အသက်အန္တရာယ်ရှိသည်။ သားအိမ်ပြင်ပသန္ဓေတည်ခြင်းသည် ကိုယ်ဝန်ပထမသုံးပတ်အတွင်း မိခင်လောင်းသေဆုံးမှုကို အဓိကဖြစ်စေသော အကြောင်းရင်းဖြစ်သည်။

သားအိမ်အတွင်း ပုံမှန်သန္ဓေတည်ခြင်း (Normal pregnancy)နှင့် သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း (Ectopic pregnancy) နှစ်မျိုးလုံးတွဲ၍ ကိုယ်ဝန်ရှိခြင်းမျိုးသည် ရှားပါးသော်လည်း တစ်ခါတစ်ရံတွင် ဖြစ်တတ်သည်။ အထူးအားဖြင့် ဖန်ပြွန်သန္ဓေရရှိအောင် ဆေးကုသမှုပြု၍ ရထားသော ကိုယ်ဝန် (၁၀၀)တွင် တစ်ဦး၌ ရတတ်ပြီး၊ သဘာဝအလျောက်ရရှိသော ကိုယ်ဝန် (၃၀,၀၀၀)တွင် တစ်ဦး၌သာ သားအိမ်ပြင်ပသန္ဓေတည်ခြင်း ဖြစ်တတ်သည်။

Ectopic Pregnancy
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း၏ အကြောင်းရင်းကို သေချာစွာ မသိရှိနိုင်ပါ။ သို့သော် ဥပြွန်တွင် အကြောင်းတစ်ခုခုကြောင့် ပျက်စီးခြင်းရှိနေပါက (ဥပမာ – ဥပြွန်ရောင်ရမ်းခြင်း၊ ဟော်မုန်းမမျှတ၍ ဥပြွန်လှုပ်ရှားမှု နှေးကွေးနေခြင်း၊ သန္ဓေအောင်သောမျိုးဥ ပုံမှန်ဖွံ့ဖြိုးမှုမရှိခြင်း)တို့ကြောင့် သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းဖြစ်တတ်သည်။

သားအိမ်ပြင်ပသန္ဓေတည်ခြင်း ဖြစ်နိုင်ခြေများသည့် အကြောင်းရင်းများ

  1. ဆေးလိပ်သောက်သူများ
  2. အသက် (၃၅) နှစ်အထက် ရှိသူများ
  3. လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါရှိသူများ (ဂနို၊ ကလမ်မိုက်ဒီးယားရောဂါ – Gonorrhoea, Chlamydia)
  4. မိန်းမကိုယ်အတွင်း ခွဲစိတ်ကုသခြင်းခံယူမှုမှ အမာရွတ်ရှိဖူးသူများ (scarring from pelvic surgery)
  5. သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း ဖြစ်ဖူးသူများ
  6. ဥပြွန် ပြန်လည်ဆက်ရန် ခွဲစိတ်ဖူးသူများ(ဥပမာ – သားကြောဖြတ်ပြီး ပြန်ဆက်ခြင်း)
  7. ဖန်ပြွန်သန္ဓေရရန် ကုသမှု ခံယူဖူးသူများ
  8. သားအိမ်တွင်း သန္ဓေတားပစ္စည်းထည့်ထားစဉ် ကိုယ်ဝန်ရှိသွားသူများ
  9. သားအိမ်ပြင်ပ သွေးလုံး(Endometriosis) ဖြစ်ခြင်း (ဥပမာ – မျိုးဥပြွန်၊ မျိုးဥအိမ် သွေးလုံးစသည်ဖြင့်)
ရောဂါလက္ခဏာများ

သားအိမ်ပြင်ပတွင် သန္ဓေတည်ပါက ကိုယ်ဝန်ရှိစလူအချို့တွင် ပုံမှန်ကိုယ်ဝန်ဆောင်သကဲ့သို့ပင် မည်သည့်ရောဂါလက္ခဏာမျှ မတွေ့ရဘဲ သန္ဓေသားလုံးပေါက်ပြဲခြင်း (ectopic rupture) ဖြစ်ပြီး ဝမ်းဗိုက်အတွင်း သွေးထွက်လွန်၍ သတိလစ်သည့်အခါမှ ဆေးရုံသို့ ရောက်လာတတ်ကြသည်။ အချို့သော သားအိမ်ပြင်ပ သန္ဓေတည်ခြင်းများသည် ရာသီသွေးမကျော်မီတွင် ဗိုက်အနည်းငယ်သာအောင့်၍ ရင်သားတင်းခြင်းမျိုးသာ ဖြစ်တတ်ကြသည်။ ငါးဆယ်ရာခိုင်နှုန်းခန့်တွင် ရာသီထိန်ခြင်း၊ (၄)ပတ် မှ (၁၂) ပတ်အတွင်း သွေးအနည်းငယ်သာဆင်း၍ ဗိုက်အလွန်ထိုးအောင့်ခြင်းများ ရှိတတ်သည်။ ကိုယ်ဝန်ဆောင်ကိုယ်တိုင် သိရှိနိုင်သော သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း၏ ကနဦးရောဂါလက္ခဏာများမှာ ဗိုက်တစ်ပြင်လုံး စူးအောင့်၍အန်ခြင်း၊ ပြင်ပသန္ဓေတည်သောဖက်ရှိ ခန္ဓာကိုယ်တစ်ခြမ်းလုံးအပြင် ပခုံးစွန်း၊ လည်ပင်းနှင့် စအိုဝ၌ နာကျင်ခြင်း၊ မူး၍နုံးချည့်ခြင်းများ ဖြစ်ကြသည်။

သားအိမ်ပြင်ပတွင်တည်သော သန္ဓေသားလုံး ပေါက်ပြဲသွားပါက (ruptured ectopic pregnancy) အရေးပေါ်လက္ခဏာများအဖြစ် သွေးအဆင်းများခြင်း သို့မဟုတ် သွေးမဆင်းဘဲ မခံမရပ်နိုင်အောင် ဗိုက်တစ်ခြမ်းတည်း ထိုးအောင့်ခြင်း (သို့မဟုတ်) ပခုံးစွန်းတစ်ဖက်တည်း အောင့်နေခြင်း သို့မဟုတ် သွေးအလွန်အမင်းဆင်းပြီး သတိလစ်ခြင်း (fainting) ခံစားရခြင်းတို့ ဖြစ်တတ်သည်။

နောက်ဆက်တွဲပြဿနာများ

သားအိမ်ပြင်ပတွင် တည်သော သန္ဓေသား (ကိုယ်ဝန်)သည် (၆)ပါတ် မှ (၁၆)ပါတ်အတွင်း ပေါက်ပြဲပျက်စီးသွားတတ်သည်။ ထိုသို့ဖြစ်ပါက သွေးထွက်လွန်၍ သွေးလန့်ခြင်း (haemorrhagic shock) ဖြစ်ပြီး မိခင်အသက်ဆုံးရှုံးနိုင်သည်။ သန္ဓေသား ပေါက်ပြဲပျက်စီးခြင်းမဖြစ်မီ အချိန်မီကုသနိုင်မှသာ မိခင်သေဆုံးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
သားအိမ်ပြင်ပသန္ဓေသည် မျိုးဥပြွန် (သို့မဟုတ်) မျိုးဥပြွန်၏ အနီးတစ်ဝိုက်ရှိ အင်္ဂါအစိတ်အပိုင်းထဲတွင် ပေါက်ပြဲပျက်စီးပါက မျိုးဥပြွန်ကို ခွဲစိတ်ထုတ်ပစ်ရနိုင်သည်။ ကျန်ရှိသော အခြားတဖက်ရှိဥပြွန် ကောင်းမွန်လျှင် ကိုယ်ဝန်ထပ်မံရရှိနိုင်သော်လည်း ဥပြွန်မပါရှိခြင်း၊ ရောဂါရှိနေခြင်းရှိပါက သဘာဝအတိုင်း ကိုယ်ဝန်မရရှိနိုင်တော့ပေ။ ဖန်ပြွန်သန္ဓေသားအဖြစ်သာ ဖန်တီးရရှိနိုင်မည်ဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

သားအိမ်ပြင်ပ သန္ဓေပေါက်ပြဲပျက်စီးခြင်းသည် အရေးပေါ်အခြေအနေဖြစ်သောကြောင့် ရောဂါလက္ခဏာများ ဖြစ်ပေါ်သည်နှင့် ဆေးရုံအရေးပေါ်ဌာနများသို့ ချက်ချင်းပို့ဆောင် ကုသမှုခံယူရမည်။

ရောဂါရှာဖွေခြင်း

သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းသည် အချိန်အလွန်စောနေသေးပါက အာထရာဆောင်းဖြင့် သန္ဓေသားရှိနေသော ကလလအရည်ကြည်အိတ်ကို တိကျစွာရှာဖွေတွေ့ရှိနိုင်ရန် ခက်ခဲတတ်သည်။ မိန်းမကိုယ်မှ စမ်းသပ်ပါက မျိုးဥအိမ် (သို့မဟုတ်) မျိုးဥပြွန်မှ နာကျင်သည်ဟု သိနိုင်သော်လည်း ဆီးစစ်ခြင်း၊ သွေးတွင်းဟော်မုန်းပမာဏ စစ်ခြင်းနှင့် အာထရာဆောင်းရိုက်ခြင်းဖြင့်သာ တိကျသောအဖြေရရှိနိုင်သည်။

  1. ဆီးစစ်ခြင်း
    ကိုယ်ဝန်ရှိကြောင်း သေချာရန် ဆီးထဲရှိ ကိုယ်ဝန်ဆောင်ဟော်မုန်း (Urinary human chorionic gonadotrophin – UCG) ကို ကနဦး စစ်ဆေးနိုင်သည်
  2. သွေးစစ်ခြင်း
    သွေးထဲရှိ ကိုယ်ဝန်ဆောင်ဟော်မုန်း (serum human chorionic gonadotrophin – HCG) ကိုတွေ့ရှိလျှင်မူ ကိုယ်ဝန်ရှိကြောင်း သေချာသည်။ သို့သော် ကိုယ်ဝန်သည် သားအိမ်ပြင်ပတွင်တည်ကြောင်း အာထရာဆောင်းဖြင့် အတည်မပြုနိုင်မီအတွင်း (၄၈)နာရီ တစ်ကြိမ် စစ်ဆေးရန်လိုနိုင်သည်။ ထို့အပြင် သားအိမ်ပြင်ပတွင် သန္ဓေတည်၍ သွေးအားနည်းခြင်း (Anaemia)၊ အခြားသော သွေးယိုမှု ရှိမရှိ (signs of blood loss) သိနိုင်ရန် သွေးအားပြည့်၊ မပြည့် စစ်ဆေးခြင်း (complete blood count)နှင့် သွေးသွင်းရန်လိုအပ်ပါက သွေးအုပ်စုသိရန် စစ်ဆေးခြင်း (blood group)ကို ပြုလုပ်ထားရမည်
  3. အာထရာဆောင်းဖြင့်စစ်ဆေးခြင်း
    ဝမ်းဗိုက်မျက်နှာပြင်ပေါ်မှရိုက်သော အာထရာဆောင်းသည် ကိုယ်ဝန်ရှိခြင်းကို အတည်ပြုနိုင်သည့်အပြင် ဝမ်းဗိုက်တွင်း သွေးထွက်ခြင်းကိုပါသိနိုင်သည်။ မိန်းမကိုယ်တွင်းသို့ ထည့်သွင်းပြီးရိုက်သော အာထရာဆောင်းသည် သားအိမ်၊မျိုးဥပြွန်နှင့် မျိုးဥအိမ်တို့၏ ပုံရိပ်များကို ဖော်ထုတ်နိုင်သည်
  4. သားအိမ်ခေါင်းနောက်ကျောနှင့် ယောနိ အကြား အပ်ထည့်၍ စုပ်ထုတ်ခြင်း (Culdocentesis)
    သွေး၊ အရည်၊ ပြည်တို့ကို စုပ်ယူရရှိလျှင် သားအိမ်ပြင်ပသန္ဓေ ‌ပေါက်ပြဲပျက်စီးသည်ဟု အတည်ပြုနိုင်သည်။ မိန်းမကိုယ်တွင်းအာထရာဆောင်းရိုက်ခြင်းဖြင့် စစ်ဆေးနိုင်လာသဖြင့် ယနေ့ခေတ်တွင် ဤနည်းကို အသုံးပြု၍ စစ်ဆေးခြင်းနည်းလာသည်
ကုသခြင်း

သားအိမ်ပြင်ပတွင် တည်သောသန္ဓေသည် ဆက်လက်ဖွံ့ဖြိုးကြီးထွားရန် မဖြစ်နိုင်ပေ။ မိခင်၏ အသက်အန္တရာယ်ကိုသာ ဖြစ်စေနိုင်သဖြင့် သန္ဓေတည်ခြင်းကို ရပ်တန့်ပြီး ထုတ်ပယ်ပစ်ရန်သာဖြစ်သည်။သို့သော် သန္ဓေသည် သားအိမ်ပြင်ပတွင် တည်ရှိကြောင်း အတည်ပြုနိုင်ရန်လိုသည်။ သန္ဓေကို ဖယ်ရှားရန် နည်းလမ်း (၂) မျိုးရှိသည်။

  1. ဆေးဝါးဖြင့်ဖယ်ရှားခြင်း
  2. ခွဲစိတ်၍ဖယ်ရှားခြင်း
  • ဆေးဝါးဖြင့်ဖယ်ရှားခြင်း
    သားအိမ်ပြင်ပသန္ဓေတည်ခြင်းကို သွေးယိုစိမ့်မှု၊ ပေါက်ပြဲပျက်စီးမှုမဖြစ်မီ စောစီးစွာသိရှိလျှင် မီသိုထရက်ဆိတ် (Methotrexate) ထိုးဆေးသွင်း၍ ကုသနိုင်သည်။ မီသိုထရက်ဆိတ်သည် သန္ဓေသား ဆက်လက်ကြီးထွားမှုကိုရပ်တန့်စေပြီး ပျက်စီးစေကာ အလိုအလျောက် ပျော်ဝင်သွားသည်။ သန္ဓေသားတစ်ရှူးများ ကုန်စင်အောင် ပျော်ဝင်ပျက်စီးသွားခြင်း ရှိမရှိနှင့် ထပ်မံဆေးထိုးရန် လိုမလိုကို သွေးတွင်းရှိ ကိုယ်ဝန်ဆောင်ဟော်မုန်း (hCG) စစ်ဆေးသိရှိနိုင်သည်။ အများအားဖြင့် သန္ဓေသားပျော်ဝင်ပျက်စီးခြင်းသည် ရက်သတ္တပတ် (၄)ပတ် မှ (၆)ပတ်အထိ ကြာနိုင်သည်။ နို့တိုက်မိခင်များ နှင့် အချို့အခံရောဂါရှိသူများတွင် ဆေးသွင်းခြင်းပြုလုပ်၍မရနိုင်ပေ။
  • ခွဲစိတ်၍ဖယ်ရှားခြင်း
    ခွဲစိတ်ရန်နည်းလမ်းကို သားအိမ်ပြင်ပသန္ဓေ၏ တည်နေရာ၊ အခြေအနေနှင့် ပေါက်ပြဲပျက်စီးခြင်း၏ နောက်ဆက်တွဲပြဿနာများအလိုက် ဆုံးဖြတ်သည်။ ပေါက်ပြဲပျက်စီးပြီး သွေးထွက်လွန်သောအခြေအနေသည် အရေးပေါ်ခွဲစိတ်ရန် လိုအပ်သဖြင့် ဗိုက်ခွဲကုသခြင်းကို ပြုလုပ်ရသည်။ ပေါက်ပြဲသည့် မျိုးဥပြွန်ကို ဖြတ်ထုတ်ပြီး သွေးတိတ်ခြင်း ရပ်အောင်ပြုလုပ်ရသည်။ သွေးလန့်သည့်အခြေအနေတွင် သွေးသွင်းခြင်း၊ ပဋိဇီဝပိုးသတ်ဆေးသွင်းခြင်း၊ အထူး ကြပ်မတ်ကုသခြင်းများလိုနိုင်သည်။

စောစီးစွာသိရှိခြင်းနှင့် ပေါက်ပြဲခြင်းမရှိသည့်အခြေအနေ
ဤအခြေအနေတွင်မူ အများအားဖြင့် ဝမ်းဗိုက်အတွင်း မှန်ပြောင်းထည့်ခွဲစိတ်ခြင်း (Laproscopic Surgery) ဖြင့် ကုသနိုင်သည်။ ဝမ်းဗိုက်အပေါက်ငယ်မှတစ်ဆင့် မှန်ပြောင်းကိုအသုံးပြု၍ မျိုးဥပြွန်တွင်းရှိ ကလလရေကြည်အိတ်ကို ဖယ်ရှားခြင်း၊ မျိုးဥပြွန်ဖြတ်ထုတ်ခြင်းများ ပြုလုပ်နိုင်သည်။ ဆေးဝါးဖြင့်ဖယ်ရှားခြင်း၊ ခွဲစိတ်ဖယ်ရှားခြင်းနှစ်မျိုးလုံးတွင် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ရက်သတ္တပတ်အနည်းငယ်မျှ ကြာအောင် မောပန်းနွမ်းနယ်ခြင်း၊ ဝမ်းဗိုက်တွင်း မအီမသာဖြစ်ခြင်း၊ ခွဲစိတ်ခြင်းကြောင့် နာကျင်ခြင်း၊ သွေးထွက်ခြင်း၊ ပိုးဝင်ခြင်းများဖြစ်ပေါ်နိုင်သည်။

ကာကွယ်ခြင်း

သားအိမ်ပြင်ပတွင် သန္ဓေတည်မှုကို ကာကွယ်၍ ရသော နည်းလမ်း မရှိပါ။ သို့သော် နေ့စဥ်နေထိုင်မှုပုံစံ ပြောင်းလဲကျင့်သုံးခြင်းဖြင့် လူနေမှုပုံစံ (lifestyle)ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် ဖြစ်ပွါးမှု လျော့ကျစေနိုင်သည်။

  1. လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (sexually transmitted infections)၊ မိန်းမကိုယ်ရောင်ရောဂါများ မဖြစ်အောင်ကာကွယ်ခြင်း (pelvic inflammatory disease)
  2. မိန်းမကိုယ်မှတစ်ဆင့် ဆေးပြွတ်နှင့် ဆေး၊ အရည်ထည့်၍ ဆေးခြင်းသည် လေ့လာတွေ့ရှိချက်များအရ သားအိမ်ပြင်ပတွင် သန္ဓေတည်နိုင်မှုအန္တရာယ် ပိုများလာတတ်၍ ထိုနည်းကိုရှောင်ရှားရမည်။
  3. သေချာသော သန္ဓေတားနည်းကို မသုံးထားချိန်တွင် မိမိ၏ရာသီလာရက် ကျော်သွားပြီး ဆီးစစ်မှုတွင် ကိုယ်ဝန်ရှိကြောင်း အဖြေထွက်ပါက သက်ဆိုင်ရာဆရာဝန်၊ ကျန်းမာရေးစောင့်ရှောက်သူနှင့် အမြန်ဆုံးဆက်သွယ်ရမည်။ သို့မှသာ သားအိမ်ပြင်ပတွင် သန္ဓေတည်မှုကို ကိုယ်ဝန် (၅) ပတ်၊ (၆) ပတ်ခန့်တွင် စောစီးစွာရှာဖွေတွေ့ရှိ၍ ထိရောက်သော ကုသမှုကို အချိန်မီရရှိနိုင်မည်။

References:

  1. Ectopic Pregnancy. (2023). Cleveland Clinic. Retrieved June 13, 2024, from https://my.clevelandclinic.org/health/diseases/9687-ectopic-pregnancy
  2. Ectopic pregnancy – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved June 13, 2024, from https://www.mayoclinic.org/diseases-conditions/ectopic-pregnancy/symptoms-causes/syc-20372088
  3. Sreenivas, S. (2024). Ectopic Pregnancy: What to Know. WebMD. Retrieved June 13, 2024, from https://www.webmd.com/baby/pregnancy-ectopic-pregnancy

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.