သံဓာတ်သည် သွေးအတွင်းအောက်ဆီဂျင် သယ်ဆောင်ပေးသည့် ဟီမိုဂလိုဘင် (Haemoglobin) များ ထုတ်လုပ်ရန်အတွက် မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် သံဓာတ်ချို့တဲ့လျှင် သွေးအားနည်းစေသည်။ ခန္ဓာကိုယ်အနှံ့သို့ အောက်ဆီဂျင် မသယ်ဆောင်နိုင်ခြင်းကြောင့် အားအင်ကုန်ခန်းခြင်း၊ မောပန်းခြင်း၊ အသက်ရှူမဝခြင်း စသည်တို့ကို ဖြစ်စေသည်။ ပုံမှန်အားဖြင့် သံဓာတ်ချို့တဲ့ခြင်းကို သံဓာတ်အားဆေး သောက်သုံးခြင်းဖြင့် လွယ်ကူစွာ ကုသ၍ရနိုင်သည်။ သို့သော် တခြားသံဓာတ်ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများရှိလျှင် ထိုအကြောင်းအရင်းများကို ရှာဖွေကုသရန်လိုသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သံဓာတ်ချို့တဲ့ခြင်းသည် အဓိကအားဖြင့် သံဓာတ်ပါဝင်သော အစားအစာများ လုံလောက်စွာမစားသုံးခြင်းကြောင့် ဖြစ်သည်။ အခြားဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများမှာ_
- ခန္ဓာကိုယ်မှ သွေးဆုံးရှုံးခြင်း (ခန္ဓာကိုယ်တွင်းမှ သွေးယိုစိမ့်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဓမ္မတာသွေးဆင်းများခြင်း)
- ခန္ဓာကိုယ်မှ သံဓာတ်မစုပ်ယူနိုင်သော အူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း
- ကိုယ်ဝန်ဆောင်ကာလ
- ကျောက်ကပ်ပျက်စီးခြင်း
- မကြာခဏ သွေးလှူဒါန်းခြင်း
- တချို့သောဆေးဝါးများ
- နာတာရှည်ရောဂါအခံရှိခြင်း
စသည့်တို့ကြောင့် သံဓာတ်ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
ရောဂါလက္ခဏာများ
အဓိကလက္ခဏာများမှာ သွေးအားနည်းခြင်းကြောင့်ဖြစ်သည်။
- အားအင်ကုန်ခန်းခြင်း
- အသက်ရှူမဝခြင်း
- ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း
- ရင်တုန်ခြင်း
- အစားစားချင်စိတ်မရှိခြင်း
- ရင်ဘတ်အောင့်ခြင်း
- ခြေဖျားလက်ဖျားအေးစက်ခြင်း
- အသားအရောင်ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
- ခြေသည်း၊ လက်သည်းများ အက်ကွဲခြင်း (သို့) ဇွန်းပုံသဏ္ဌာန်ကဲ့သို့ ချိုင့်ဝင်ခြင်း
- လျှာနာခြင်း၊ ရောင်ခြင်း စသည်တို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
သံဓာတ်ချို့တဲ့ခြင်းကို သတိမထားမိခြင်း (သို့မဟုတ်) ကုသမှုမခံယူခြင်းတို့ကြောင့် အောက်ပါဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။
- စိတ်ဓာတ်ကျခြင်း
- ရောဂါပိုးများ ကူးစက်နိုင်ခြေများခြင်း
- ကိုယ်ဝန်ဆောင်စဉ်သံဓာတ်ချို့တဲ့ပါက ရက်မစေ့ဘဲ ကလေးမွေးခြင်းနှင့် ကလေးကိုယ်အလေးချိန် မပြည့်ခြင်း
- နှလုံးကြီးခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် နှလုံးသည် လိုသလောက် အလုပ်မလုပ်နိုင်တော့ခြင်း
- ကလေးငယ်များ၏ရုပ်ပိုင်း (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှေးကွေးခြင်းစသည်တို့ ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
လူနာ၏ရောဂါရာဇဝင်ကိုမေးမြန်းခြင်း
အထက်ဖော်ပြပါ ရောဂါလက္ခဏာများကိုမေးမြန်းခြင်း၊ ရောဂါအခံရှိမရှိ မေးမြန်းခြင်း၊ ပုံမှန်သောက်သုံးနေသော ဆေးဝါးများအကြောင်းမေးမြန်းခြင်း၊ အစားအသောက် နေထိုင်မှုပုံစံကို မေးမြန်းခြင်း
လူနာကိုစမ်းသပ်ခြင်း
လူနာကိုအထွေထွေစမ်းသပ်ခြင်း၊ အဆုတ်၊ နှလုံး၊ ဝမ်းဗိုက်၊ ကျောက်ကပ် စသည့် ကိုယ်တွင်းအင်္ဂါများကို စမ်းသပ်ခြင်း၊ ခြေသည်း၊ လက်သည်းများ စမ်းသပ်ခြင်းနှင့် တခြား လိုအပ်သည်များကို စမ်းသပ်ခြင်း
သွေးစစ်ခြင်း – Complete blood count
သွေးတွင်း သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား ပမာဏကို စစ်ဆေးခြင်း၊ သွေးတွင်း သံဓာတ်ပမာဏကို စစ်ဆေးခြင်း တို့လိုအပ်သည်။
သံဓာတ်ချို့တဲ့စေသောရောဂါအခြေအနေပေါ်မူတည်ပြီး-
အစာအိမ်မှန်ပြောင်းကြည့်ခြင်း – အစာအိမ်အူလမ်းကြောင်းအတွင်း သွေးယိုထွက်ခြင်း ရှိ၊ မရှိ စစ်ဆေး ခြင်း
အူမကြီးအတွင်းမှန်ပြောင်းကြည့်ခြင်း – အူမကြီးလမ်းကြောင်းအတွင်း သွေးယိုထွက်ခြင်း ရှိ၊ မရှိ စစ်ဆေး ခြင်း
အာထရာဆောင်း ရိုက်ခြင်း (Ultrasound) – အမျိုးသမီးများတွင် ဓမ္မတာသွေးဆင်းများမှုအကြောင်းရင်းကို ရှာဖွေခြင်း စသည်တို့ လိုအပ်နိုင်သည်။
ကုသခြင်း
သံဓာတ်ချို့တဲ့ခြင်းကို ပုံမှန်အားဖြင့် သံဓာတ်အားဆေးပေးခြင်းဖြင့် ကုသနိုင်သည်။ သို့သော် ရောဂါအခံတစ်ခုခုကြောင့် သံဓာတ်ချို့တဲ့လျှင် သံဓာတ်ဖြည့်စွက်ခြင်းနှင့်အတူ အခံရောဂါကိုပါ ကုသရမည် ဖြစ်သည်။
- သံဓာတ်အားဆေးပေးခြင်း
မိမိ၏သံဓာတ်ချို့တဲ့သည့် ပမာဏပေါ်မူတည်၍ သံဓာတ်အားဆေးပမာဏကို နေ့စဉ် သောက်သုံးရမည်။ သံဓာတ်အားဆေးကို အစာအစားခင် သောက်သုံးရသည်။ သံဓာတ်အားဆေးကို ဗီတာမင်စီနှင့် တွဲသောက်လျှင် သံဓာတ်စုပ်ယူမှုကို ပိုကောင်းစေသည်။ သံဓာတ်အားဆေးသည် ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ဝမ်းပျော့ဆေးသောက်သုံးရန် လိုအပ်နိုင်သည်။ သံဓာတ်အားဆေးသည် ဝမ်းအရောင်မဲခြင်း ကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် စိုးရိမ်ရန် မလိုပါ။ - သံဓာတ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်း
အသားငါးများ၊ ဥအမျိုးမျိုး၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုးတို့စားသုံးခြင်း - သံဓာတ်ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများပေါ်မူတည်၍ လိုအပ်သည့်ကုသမှုများ ပြုလုပ်ခြင်း
ကာကွယ်ခြင်း
သံဓာတ်ချို့တဲ့ခြင်းကို ကာကွယ်ရန် သံဓာတ်ကြွယ်ဝစွာ ပါဝင်သောအစားအစာများကို လုံလောက်စွာစားသုံးခြင်းဖြင့် ကာကွယ်နိုင်သည်။ သံဓာတ်ကြွယ်ဝစွာပါဝင်သော အစားအစာများမှာ –
- အမဲသား၊ ဝက်သား၊ ကြက်သား
- ပင်လယ်စာ
- ဥအမျိုးအမျိုး
- ပဲအမျိုးမျိုး
- အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်
- နို့ထွက်ပစ္စည်းများဖြစ်သည်။
သံဓာတ်ချို့တဲ့စေသော ရောဂါရှိသူများတွင် သံဓာတ်အားဆေးများ ကြိုတင်သောက်သုံးခြင်းဖြင့် ကာကွယ်နိုင်သည်။
References:
- Iron Deficiency Anemia. (2024). WebMD. Retrieved June 29, 2024, from https://www.webmd.com/a-to-z-guides/iron-deficiency-anemia
- Iron deficiency anemia – Symptoms & causes – Mayo Clinic. (2022). Mayo Clinic. Retrieved June 29, 2024, from https://www.mayoclinic.org/diseases-conditions/iron-deficiency-anemia/symptoms-causes/syc-20355034
- Iron deficiency anemia – Diagnosis & treatment – Mayo Clinic. (2022). Mayo Clinic. Retrieved June 29, 2024, from https://www.mayoclinic.org/diseases-conditions/iron-deficiency-anemia/diagnosis-treatment/drc-20355040
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.