ဝက်ခြံဆိုသည်မှာ အရေပြားရှိချွေးပေါက်များ ပိတ်ဆို့ရာမှဖြစ်သော အဖြစ်များသည့် အရေပြားအခြေအနေတစ်ခု ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် အဆီဖု၊ ဆားဝက်ခြံနှင့် ဝက်ခြံပုံစံအမျိုးမျိုးတို့ အရေပြားတွင် ဖြစ်ပေါ်သည်။ အရေပြား နာကျင်ရောင်ရမ်းခြင်းများ ဖြစ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မွှေးညှင်းပေါက်များနှင့် ချွေးပေါက်များကို အဆီများ၊ ဆဲလ်အသေများနှင့် ဘက်တီးရီးယားပိုးများ ပိတ်ခြင်းကြောင့် ဝက်ခြံဖြစ်ပေါ်သည်။ ထိုသို့ပိတ်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း၊ အရောင်ပြောင်းခြင်းနှင့် နာကျင်ခြင်းများဖြစ်စေသည်။ အမျိုးသားများတွင် ဆယ်ကျော်သက်နှင့် လူပျိုဖော်ဝင်စအရွယ်များတွင် လိင်ဟော်မုန်း မြင့်တက်ခြင်းကြောင့် ဝက်ခြံပို၍ဖြစ်သည်။ ထိုဟော်မုန်းသည် အဆီထွက်မှုကိုအားပေးပြီး အရေပြားရှိ ဘက်တီးရီးယားပိုးများ နှင့် ထိတွေ့ခြင်းကြောင့် ဝက်ခြံဖြစ်လွယ်သည်။
အမျိုးသမီးများတွင် ရာသီမလာခင်နှင့် ရာသီလာနေချိန်၊ ကိုယ်ဝန်ဆောင်ချိန်များတွင် အမျိုးသမီးဟော်မုန်း ပြောင်းလဲခြင်းကြောင့် ဝက်ခြံပို၍ထွက်သည်။ မျိုးဥအိမ်တွင်ရေအိတ်တည်ခြင်းရောဂါစု (PCOS)တွင်လည်း ဝက်ခြံများဖြစ်နိုင်သည်။ ထိုရောဂါတွင် ဝက်ခြံအပြင် အခြားလက္ခဏာများ (ဥပမာ_အဝလွန်ခြင်း၊ အမွှေးများထူထပ်ခြင်း)လည်း တွဲ၍တွေ့ရတတ်သည်။
အခြားဝက်ခြံဖြစ်စေသော အကြောင်းရင်းများမှာ စိတ်ဖိစီးမှုများခြင်း၊ အဆီပါဝင်မှုများသော အလှကုန်ပစ္စည်းများ အသုံးပြုခြင်း၊ စိုထိုင်းဆများသော ရာသီဥတုအခြေအနေများနှင့် တင်းကြပ်သော အဝတ်အစား၊ အသုံးအဆောင်များသုံးခြင်း (ဥပမာ_ဦးထုပ်)တို့ဖြစ်သည်။ စတီးရွိုက်ဆေးများအသုံးပြုခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် တချို့သော အစားအသောက်များ (ဥပမာ_ဆား၊ သကြားဓာတ်များသော အစားအသောက်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ)ကြောင့်လည်း ဝက်ခြံဖြစ်စေသည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာအနေဖြင့် အရေပြားတွင် ဝက်ခြံပုံစံအမျိုးမျိုး တွေ့ရသည်။ မျက်နှာ၊ နဖူး၊ ကျောနှင့် ရင်ဘတ် စသည့်နေရာများတွင် တွေ့နိုင်သည်။
- ပြည်ပါသောအဖု (pustules)
- အနီဖု (papules)
- ဆားဝက်ခြံ (blackheads)
- အဆီဖု (whiteheads)
- ဝက်ခြံအဖုကြီး (nodules)
- အရည်အိတ်များ (cysts) စသည့်ဖြင့် တွေ့ရသည်။ အချို့သောဝက်ခြံများသည် သာမန်ရောင်ရမ်းခြင်း မှ ဆိုးရွားသော အရေပြားရောင်ရမ်းခြင်းထိ ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ဝက်ခြံ၏ အဓိကနောက်ဆက်တွဲပြဿနာသည် ဝက်ခြံအမာရွတ်များဖြစ်သည်။ မည့်သည့် ဝက်ခြံအမျိုးအစားမဆို အမာရွတ်ဖြစ်နိုင်ပြီး ဝက်ခြံအဖုကြီးနှင့် အရည်အိတ်ပုံစံဝက်ခြံများသည် အမာရွတ်ပို၍ဖြစ်စေသည်။ ဝက်ခြံများကို ညှစ်ခြင်းနှင့်ကုတ်ဖဲ့ခြင်းများ ပြုလုပ်ပါက အမာရွတ်ပိုဖြစ်စေသည်။ ထိုသို့ပြုလုပ်ခြင်းသည် ပိုးဝင်ရောက်စေနိုင်သည်။ ဝက်ခြံများကြောင့် မျက်နှာအလှကို ထိခိုက်ခြင်း၊ စိတ်အားငယ်ခြင်း၊ မိမိကိုယ်ကိုယုံကြည်မှု လျော့နည်းခြင်းတို့ ဖြစ်တတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများ ရှိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသ၍ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
အရေပြားအထူးကုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်၍ ဝက်ခြံ၏ ဆိုးရွားမှု အခြေအနေကို အဆင့်သတ်မှတ်သည်။
- အဆင့်(၁) – အပျော့စား
- ဆားဝက်ခြံ၊ အဆီဖု၊ အနီဖု အခြေအနေဖြစ်သည်။
- အဆင့်(၂) – အလယ်အလတ်
- ပြည်ဖုပုံစံ ဝက်ခြံများ မျက်နှာပေါ်တွင် အများအပြားရှိသော အခြေအနေဖြစ်သည်။
- အဆင့်(၃) – အတန်အသင့်ပြင်းထန်
- အရွယ်အစားပိုကြီးသော ပြည်ဖုပုံစံဝက်ခြံများ၊ ဝက်ခြံအဖုကြီးများဖြစ်ပြီး အရေပြား ရောင်ရမ်းနီမြန်းနေသော အခြေအနေဖြစ်သည်။ ကျောနှင့်ရင်ဘတ်များတွင်လည်း တွေ့နိုင်သည်။
- အဆင့်(၄) – အလွန်ပြင်းထန်
- ကြီးမား၍ ရောင်ရမ်းနာကျင်သော ပြည်ဖုပုံစံ ဝက်ခြံကြီးများဖြစ်သည်။
ကုသခြင်း
ဝက်ခြံ အမျိုးအစားနှင့်ဆိုးရွားမှု အခြေအနေပေါ် မူတည်၍ ကုသသည်။ လိမ်းဆေးများ၊ သောက်ဆေးများနှင့် ဟော်မုန်းဆေးများ စသည်တို့ ဖြင့်ကုသသည်။
လိမ်းဆေးများ၊ ခရင်မ်များ
- Benzoyl peroxide လိမ်းဆေး
- Retinoid လိမ်းဆေး
- ပဋိဇီဝပိုးသတ်ဆေးလိမ်းဆေးများ စသည့်တို့ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုရမည်။ အရေပြားဓာတ်မတည့်ပါက နီရဲခြင်း၊ ယားယံခြင်းနှင့် ရောင်ရမ်းခြင်းစသည့် ဘေးထွက်ဆိုးကျိုး ရှိနိုင်သည်။
သောက်ဆေးများ
- ပဋိဇီဝပိုးသတ်ဆေး သောက်ဆေးများ
- ဟော်မုန်းဆိုင်ရာသောက်ဆေးများ
- Retinoid သောက်ဆေးများကို အသုံးပြုနိုင်သည်။ သို့ရာတွင် ဘေးထွက်ဆိုးကျိုးများ၊ အရေပြားနှင့် ဓာတ်မတည့်ခြင်းများ ရှိနိုင်သဖြင့် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်သည်။ အထူးသဖြင့် retinoid သောက်ဆေးများသည် သန္ဓေသားကို ထိခိုက်နိုင်သည့်အတွက် ကိုယ်ဝန်ဆောင်ရန် ရည်ရွယ်ထားသော အမျိုးသမီးများသည် သက်ဆိုင်ရာဆရာဝန်နှင့် ဦးစွာဆွေးနွေးတိုင်ပင်ရမည်။
ကာကွယ်ခြင်း
ဝက်ခြံဖြစ်ခြင်းမှ ကာကွယ်ရန်
- မျက်နှာကို တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် ရေနွေး၊ သင့်လျော်သော မျက်နှာသစ်ဆေးရည်ဖြင့် သန့်စင်ပေးခြင်း
- လေ့ကျင့်ခန်းလုပ်ပြီးချိန် သို့မဟုတ် ချွေးထွက်ချိန်တွင် မျက်နှာကို သန့်ရှင်းရေးလုပ်ခြင်း
- မျက်နှာအရေပြားနှင့် မတည့်သော၊ ယားယံစေသော အလှကုန်ပစ္စည်းများ၊ alcoholပါသော တိုနာများ၊ လိမ်းဆေးများ မသုံးစွဲခြင်း
- အိပ်ရာမဝင်မီ မိတ်ကပ်များဖျက်၍ သန့်စင်စွာဆေးကြောခြင်း
- မျက်နှာသစ်ပြီးလျှင် အဆီမပါသော မျက်နှာလိမ်းခရင်မ် လိမ်းပေးခြင်း
- ဝက်ခြံကို ကုတ်ဖဲ့ခြင်း၊ ညှစ်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့ ပြုလုပ်ရမည်။
References:
- Acne – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 21, 2024, from https://www.mayoclinic.org/diseases-conditions/acne/symptoms-causes/syc-20368047
- Website, N. (2024). Acne. nhs.uk. Retrieved June 21, 2024, from https://www.nhs.uk/conditions/acne/
- Acne. (2024). Cleveland Clinic. Retrieved June 21, 2024, from https://my.clevelandclinic.org/health/diseases/12233-acne
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.