ခြေသည်း၊ လက်သည်း မှိုစွဲခြင်းဆိုသည်မှာ ခြေသည်း၊ လက်သည်းများ၏ အပေါ် (သို့မဟုတ်) အတွင်းတွင် မှိုပိုးများ (Fungi)စုပုံလာခြင်းကို ဆိုလိုသည်။ ခြေသည်း၊ လက်သည်း မှိုစွဲခြင်းသည် အဖြစ်များသည့် မှိုစွဲခြင်းရောဂါတစ်မျိုးဖြစ်သည်။ မှိုပိုးသည် ဘက်တီးရီးယားပိုးများကဲ့သို့ပင် ခန္ဓာကိုယ်အနှံ့အပြားတွင် တည်ရှိသော်လည်း တစ်နေရာထဲတွင် စုပုံလာလျှင် မှိုစွဲခြင်းကိုဖြစ်စေသည်။ ခြေသည်း၊ လက်သည်း မှိုစွဲခြင်းကို ဆေးပညာအခေါ်အဝေါ်အရ onychomycosis ဟုခေါ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မှိုပိုးအမျိုးအစားများစွာသည် ခြေသည်း၊ လက်သည်း မှိုစွဲခြင်းကို ဖြစ်ပေါ်စေသည်။ မှိုများသည် ပူနွေးစိုစွတ်သော ပတ်ဝန်းကျင်တွင် ပေါက်ပွားကြသည်။ ထိုကြောင့် မှိုများပေါက်ပွား ရှင်သန်သည့်နေရာများနှင့် ထိတွေ့ခြင်းကြောင့် ကူးစက်နိုင်သည်။ သာဓကအားဖြင့် အားကစားခန်းမများ၏ ရေချိုးကြမ်းပြင်များပေါ် လမ်းလျှောက်ခြင်း၊ စိုစွတ်နေသော သစ်သားလျှာထိုး အထပ်သားအဟောင်းများပေါ်တွင် ဖိနပ်မပါဘဲ လျှောက်သွားခြင်း၊ စိုစွတ်နေသည့် ရှူးဖိနပ်များကို အချိန်ကြာမြင့်စွာဝတ်ခြင်း စသည်တို့မှတစ်ဆင့် ကူးစက်နိုင်သည်။ မိမိခန္ဓာကိုယ်တွင် မှိုရောဂါရှိခြင်းမှတစ်ဆင့်လည်း ခြေသည်း၊ လက်သည်းများ မှိုစွဲခြင်းကို ဖြစ်စေနိုင်သည်။
ခြေသည်း၊ လက်သည်းမှိုစွဲခြင်း အမျိုးအစား (၄)မျိုးရှိသည်။
- ခြေသည်း၊ လက်သည်း၏ အဖျားနှင့်ဘေးပိုင်း မှိုစွဲခြင်း (distal or lateral subungual onychomycosis)
- ခြေသည်း၊ လက်သည်း၏ အပေါ်ယံလွှာ မှိုစွဲခြင်း (white superficial onychomycosis)
- ခြေသည်း၊ လက်သည်း၏ အရင်းပိုင်း မှိုစွဲခြင်း (proximal subungual onychomycosis)
- ခြေသည်း၊ လက်သည်းတွင် ကန်ဒီဒါပိုး မှိုစွဲခြင်း (candidal onychomycosis)
ရောဂါလက္ခဏာများ
အဖြူရောင် (သို့မဟုတ်) ညိုဝါရောင်အစက်ကလေးများသည် ခြေသည်းထိပ်၊ လက်သည်းထိပ်များတွင် စတင်ပေါ်လာတတ်သည်။ ထို့နောက် ခြေသည်း၊ လက်သည်းများသည်
- ထူလာခြင်း
- ကြွပ်ဆတ်ခြင်း၊ ပွန်းပဲ့လွယ်ခြင်း၊ မညီညာခြင်း
- ပုံပန်းပျက်ခြင်း
- အရင်းမှကွာကျခြင်း
- အနံ့ထွက်ခြင်း စသည်တို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
မှိုစွဲခြင်းကို သေချာကုသမှုမခံယူဘဲ ပိုဆိုးလာလျှင် ခြေသည်း၊ လက်သည်းများ လုံးဝပျက်စီးဆုံးရှုံးပြီး နာကျင်ကိုက်ခဲခြင်းတို့ ခံစားရနိုင်သည်။ မိမိတွင် ခုခံအားကျသည့်ရောဂါများ ခံစားနေရလျှင် (ဥပမာ_ဆီးချိုရောဂါ) မှိုပိုးများသည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နိုင်ပြီး ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများ ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အထက်ပါရောဂါလက္ခဏာများသည် မိမိဘာသာ တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမွန်ရန် ဂရုစိုက်ကုသ၍ မပျောက်ကင်းဘဲ ပိုမိုဆိုးဝါးလာလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။
အောက်ပါအခြေအနေများရှိပါကလည်း မိသားစုဆရာဝန်နှင့်ပြသရမည်။
- ဆီးချိုရောဂါရှိခြင်း
- ခြေသည်း၊ လက်သည်းများမှ သွေးထွက်ခြင်း
- ခြေသည်း၊ လက်သည်းများ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း
- ခြေသည်းမှိုစွဲခြင်းကြောင့် လမ်းလျှောက်ရခက်ခဲခြင်း
- မိသားစုဆရာဝန်မှ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆရာ၀န်သည် လူနာ၏ရောဂါလက္ခဏာများအကြောင်း မေးမြန်းခြင်း၊ နေထိုင်မှုပုံစံ၊ ရောဂါအခံ ရှိမရှိ မေးမြန်းခြင်းနှင့် လူနာ၏ လက်သည်း၊ ခြေသည်းများကို စမ်းသပ်ခြင်းများ ပြုလုပ်ခြင်းဖြင့် မှိုစွဲခြင်းကို လွယ်ကူစွာ သိရှိနိုင်သည်။ လိုအပ်ပါက ခြေသည်း၊ လက်သည်းအစများကို ဓာတ်ခွဲခန်းသို့ ပို့စစ်ပြီး မှိုပိုးများရှာဖွေခြင်းကို ပြုလုပ်နိုင်သည်။
ကုသခြင်း
တချို့သော ခြေသည်း၊ လက်သည်း မှိုစွဲခြင်းသည် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပြီး သေချာ သန့်ရှင်းရေးလုပ်လျှင် မှိုစွဲခြင်း ပျောက်ကင်းနိုင်သည်။ ထိုသို့ သေချာသန့်ရှင်းလုပ်၍ မပျောက်ကင်းလျှင် ဆရာဝန်နှင့် သေချာကုသမှု ခံယူရမည်။ မိမိ၏မှိုစွဲခြင်း အမျိုးအစားနှင့် ပြင်းထန်ခြင်းပေါ်မူတည်၍ ပျောက်ကင်းချိန်ကြာနိုင်သည်။
- ဆေးဝါးများနှင့်ကုသခြင်း
- မှိုသတ်ဆေးများသောက်သုံးခြင်း (Oral Antifungal drugs)
မှိုသတ်ဆေးများသည် အနည်းဆုံး (၆)ပတ် မှ (၁၂)ပတ်အထိ နေ့တိုင်းပုံမှန်သောက်သုံးရသည်၊ (၁၂)ပတ်အထိသောက်၍ မပျောက်ကင်းပါက (၄)လခန့်အထိ သောက်သုံးရတတ်သည်၊ မှိုသတ်ဆေးများသည် အသည်းထိခိုက်ခြင်းနှင့် အဖုအပိမ့်၊ အနီပြင်များ ဖြစ်ပေါ်နိုင်သောကြောင့် ဆရာဝန်ညွှန်ကြားချက်ပါမှသာ သောက်သုံးရမည်၊ အသည်းနှင့်နှလုံးရောဂါအခံရှိသူများတွင် မှိုသတ်ဆေးကို မသောက်သုံးသင့်ပါ - ခြေသည်း၊ လက်သည်း အရောင်တင်မှိုသတ်ဆေး (Antifungal nail polish)
Ciclopirox ပါဝင်သည့် ခြေသည်း၊ လက်သည်း အရောင်တင်မှိုသတ်ဆေးကို မှိုစွဲနေသည့် ခြေသည်း၊ လက်သည်းနှင့် အနီးနားဝန်းကျင်က အရေပြားပေါ်တွင် သုတ်လိမ်းပေးရမည်၊ ထိုအရောင်တင် မှိုသတ်ဆေးကို နေ့စဉ် တစ်နှစ်ခန့်အထိ လိမ်းနိုင်သည် - မှိုသတ်ဆေးလိမ်းဆေး
Efinaconazole/ Tavaborole စသည့် မှိုသတ်ဆေးလိမ်းဆေးများဖြင့် ကုသ၍ရသည်
- မှိုသတ်ဆေးများသောက်သုံးခြင်း (Oral Antifungal drugs)
- ခွဲစိတ်ကုသခြင်း
လိုအပ်ပါက ခြေသည်း၊ လက်သည်းခွာထုတ်ပြီး မှိုသတ်ဆေးလိမ်းဆေးကို တိုက်ရိုက်မှိုစွဲနေသောနေရာကို လိမ်းစေခြင်းနှင့် ကုသနိုင်သည်
ကာကွယ်ခြင်း
အောက်ပါတို့ကို ပြုလုပ်ခြင်းဖြင့် ခြေသည်း၊ လက်သည်းမှိုစွဲခြင်းကို ကာကွယ်နိုင်သည်။
- မိမိ၏ ခြေသည်း၊ လက်သည်းများကို သန့်ရှင်း၍ ခြောက်သွေ့အောင်ထားပါ၊ ခြေထောက်နှင့်လက်များကို ပုံမှန်ဆေးကြောပါ၊ ခြေသည်း၊ လက်သည်းများကို အလှဆီလိမ်းပေးနိုင်သည်
- ခြေသည်း၊ လက်သည်းများကို အရှည်မထားဘဲ ပုံမှန်ညှပ်ပေးပါ၊ လက်သည်းညှပ်ကို မသုံးခင်နှင့် သုံးပြီးတိုင်း ပိုးသတ်ပါ
- ချွေးစုပ်သည့် ခြေအိတ်များကိုသာ ဝတ်ဆင်ပါ၊ ခြေအိတ်များ ပြောင်းလဲအသုံးပြုပါ
- ခြေထောက် လေဝင်လေထွက်ကောင်းသည့် ဖိနပ်များဝတ်ဆင်ပါ
- အများသုံး ရေကူးကန်နေရာများနှင့် အဝတ်လဲခန်းများတွင် ဖိနပ်စီးပါ
- သန့်ရှင်းပြီး ပိုးသတ်ထားသောပစ္စည်းများသုံးသည့် ခြေသည်း၊ လက်သည်းအလှပြင်ဆိုင်များကို ရွေးချယ်ပါ
- မျက်နှာသုတ်ပဝါများကို မှိုရောဂါရှိသူများနှင့် မျှဝေသုံးစွဲခြင်းကို ရှောင်ကြဥ်ပါ
- ခြေသည်း၊ လက်သည်းအတုများ တပ်ဆင်ခြင်းကို တတ်နိုင်သမျှရှောင်ပါ
References:
- Nail fungus – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 16, 2024, from https://www.mayoclinic.org/diseases-conditions/nail-fungus/symptoms-causes/syc-20353294
- Nail fungus – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved June 16, 2024, from https://www.mayoclinic.org/diseases-conditions/nail-fungus/diagnosis-treatment/drc-20353300
- Booth, S. (2023). Fungal Nail Infections. WebMD. Retrieved June 16, 2024, from https://www.webmd.com/skin-problems-and-treatments/fungal-nail-infections
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.